မြိတ်-ထားဝယ် လမ်းမကြီးပေါ် ၄ နာရီကြာ တိုက်ပွဲဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်။
ပုလောမြို့နယ် မြိတ်-ထားဝယ်သွား ပြည်ထောင်စုလမ်းမကြီးပေါ်တွင်ရှိ ပဝတ်ကုန်းကျေးရွာမှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အကြား ၄ နာရီခန့်အကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဒေသခံများ က ပြောသည်။
မေလ ၁၄ ရက်နေ့၊ နံနက် ၄ နာရီခွဲ အချိန်ခန့်က တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး နံနက် ၈ နာရီခွဲအချိန်ခန့်တွင် ပစ်ခတ် သံများ ငြိမ်သက်သွားသည်ဟု ပြောသည်။
“မနက်အစောကြီး ပစ်ခတ်သံတွေကြားနေရတာ။ နည်းနည်း နေမြင့်လာတဲ့အချိန် သေနတ်သံတွေ ရပ်သွားပေ မယ့် ပုလော ၂၈၅ တပ်ရင်းဘက်နဲ့ ပလဘက်တို့က လက်နက်ကြီးတွေနဲ့ ဆက်ပြီးပစ်နေတုန်းပဲ” ဟု အသက် ၄၀ ခန့် အရွယ် သင်္ကန်းတောရွာသားတစ်ဦးက ပြောသည်။
ယခုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သားတစ်ဦး အရှင် ဖမ်းဆီးရမိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဘက်က ၆ ဦးခန့် ဒဏ်ရာရသွားသည်ဟု PDF တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
တိုက်ပွဲဖြစ်ပွားသည့် ပဝတ်ကုန်းကျေးရွာတွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့များ စခန်းချ နေထိုင်သည့် ဘုန်းကြီးကျောင်း နှစ်ကျောင်းလည်းရှိနေသည်ဟု ဒေသခံများက ပြောသည်။
စစ်ဆေးရေးဂိတ်နှင့် တပ်စွဲနေထိုင်သည့်နေရာများကို PDF တပ်ဖွဲ့ဝင်များက မကြာခဏ ဝင်ရောက် တိုက်ခိုက်လေ့ ရှိသည်ဟု PDF တပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်မှ ပဝတ်ကုန်းကျေးရွာအပြင် နန်းတောင်ကျေးရွာအုပ်စု၊ ကဒဲ၊ သင်္ကန်းတောကျေး ရွာများ ဘက်ဆီသို့ မွန်းလွဲပိုင်းအချိန်ထိ လက်နက်ကြီးများဖြင့် အချက် ၂၀ ထက်မနည်း ပစ်ခတ်ခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့် ကျေးရွာများ အားလုံးတွင် ဒေသခံများ နေထိုင်ခြင်း မရှိဘဲ စစ်ဘေးတိမ်းရှောင်နေကြရသည် မှာ ကြာပြီဖြစ်သည်ဟု ဆိုကြသည်။
မေလ ၁၁ ရက်နေ့၊ နံနက် ၂ နာရီဝန်းကျင် အချိန်ခန့်တွင်လည်း ပုလောမြို့ရဲစခန်းမှ ပလောက်မြို့ဘက်ကို တက် လာသည့် အင်အား ၄၀ ကျော်ပါ စစ်ကားကြီးနှစ်စီးကို ထမင်းမစားကျေးရွာနှင့် နန်းပရုပ်ကျေးရွာအကြား ကား လမ်းမပေါ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
စစ်ကောင်စီက ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပုလောမြို့နယ်ကို စစ်အုပ်ချုပ်ရေးဒေသ အဖြစ် ကြေညာခဲ့ပြီး နောက် တနင်္သာရီတိုင်းအတွင်း တိုက်ပွဲအဖြစ်များဆုံး နေရာတစ်ခုဖြစ်လာခဲ့သည်။
ထို့အပြင် လက်ရှိတွင် ပုလောမြို့နယ်အတွင်း စစ်ကောင်စီဘက်က စစ်ရေးပြင်ဆင်မှုများလည်း ထပ်တိုးလုပ် ဆောင်နေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ပုလောမြို့နယ်အပြင် ပလမြို့နှင့် ပုလောကုန်းကျေးရွာများဘက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက သွားလှုပ်ရှားမှုများ ရှိနေသည်ဟု ဆိုသည်။