ထားဝယ်အထူးစီးပွားရေးဇုံ အနီး စစ်ကောင်စီ ဗုံးကြဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်။

ထားဝယ်ခရိုင် ရေဖြူမြို့နယ်အတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုံအနီး စစ်ကောင်စီက လေကြောင်းကနေ ဗုံး ကြဲချခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီက ဂျက်လေယာဥ် အသုံးပြု၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုသည် တနင်္သာရီတိုင်းအတွင်း ပထမ ဆုံး အကြိမ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ဂျက်ဖိုက်တာနဲ့ ကြဲတာ ၂ ခါတောင်မှ။ မြိတ်လေတပ်စခန်းကနေ လာတဲ့လေယာဉ်ပါ။ ကျနော်တို့ ဒီနဘုလယ် က လူတွေကတော့ ၁၃ ရက်နေ့ကတည်းက ပြောင်းကုန်တာ။ စစ်တပ်က စစ်ကြောင်းထိုးလာလို့ပါ။ မုန်တိုင်းကို စိုးရိမ်ရတာရော၊ စစ်ကောင်စီက လေယာဉ်ကနေ ဗုံးကြဲတာရောဆိုတော့ဗျာ။ တော်တော်ခက်ခဲပါတယ်” ဟု ဒေသခံတစ်ဦး က ပြောသည်။

မေလ ၁၄ ရက်နေ့၊ နံနက် ၈ နာရီ ၂၆ မိနစ် အချိန်ခန့်က စစ်ကောင်စီ၏ Jet Fighter အမျိုးအစား ဂျက်လေယာဉ် တစ်စီးမှ ထားဝယ်အထူးစီးပွားရေးဇုန်အနီး ဗုံးကြဲချခဲ့ကြောင်း တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့မှ အရေး ပေါ် စစ်ရေးသတင်းကို ထုတ်ပြန်ထားသည်။

မြိတ်လေတပ်စခန်းမှ ပျံတက်လာသည့် Jet Figther လေယာဥ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မြိတ်ဘက်သို့ ပြန် လည် ပျံသန်းသွားသည်ဟု ဒေသခံများက ပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆုံးရှုံး ထိခိုက်သေဆုံးမှုများကို အတည်ပြုနိုင်ရန် လက်ရှိတွင် ဆက်လက်စုံစမ်းနေဆဲ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

မေ ၁၄ ရက်နေ့ နံနက်ပိုင်းက နဘုလယ်ကျေးရွာရှိ ထားဝယ်အထူးစီးပွားရေးဇုန်အနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက် ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း အထိနာနေသည့် စစ် တပ်ဟာ ထိုနေ့ နံနက် ၈ နာရီခွဲ အချိန်ခန့်တွင် နဘုလယ်ရွာအနီးကို လေကြောင်းပစ်ကူပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ရေဖြူမြို့နယ် နဘုလယ်ဒေသ ဗုံးကြဲတိုက်ခိုက်မှုသည် စစ်တပ်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းအတွင်း ပထမဆုံးအကြိမ် ဖြစ်သည်ဟုလည်း တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ထားဝယ်အထူးစီးပွားရေးဇုန်ရှိရာ နဘုလယ်ဒေသမှ ဒေသခံများမှာ မေလ ၁၃ ရက်နေ့၊ ညကတည်းက စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ‌ရပ်ရွာကို စွန့်ခွာကာ ပြေးလွှားပုန်းခိုနေကြရ သည်ဟု ဒေသခံများက ပြောသည်။

နဘူးလယ်ဒေသအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် များက မိုင်းဆွဲတိုက်ခိုက်ခြင်းများ အပါအဝင် ခုခံစစ် ဆင်နွှဲတိုက်ခိုက်နေခြင်းကြောင့် စစ်ကောင်စီတပ်က မြေပြင် ရော ဝေဟင်မှပါ နှစ်ဘက်ညှပ် တိုက်ခိုက်ခြင်း ဖြစ်နိုင်သည်ဟုလည်း ဒေသခံတစ်ဦးက ပြောသည်။

ပြည်သူများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လေ
ကြောင်းရန် ကာကွယ်ရေး နည်းစနစ်များကို လိုက်နာပူးပေါင်း ဆောင်ရွက်ကြရန် နှင့် စစ်ရေးသတိရှိကြပါရန် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေး နှိုးဆော်ထားသည်။