စစ်ကောင်စီ ငွေတောင်းဂိတ် တစ်ခု တိုက်ခိုက်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၂၂ ရက်။

ခရီးသည်တင်ကားများနှင့် ကုန်တင်ကားများထံမှ ငွေကြေးတောင်းခံနေသည့် စစ်ကောင်စီဂိတ်စခန်းတစ်ခု တိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

မြိတ် – ထားဝယ်သွား ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ သရက်ချောင်းမြို့နယ် သရက်နှစ်ခွကျေးရွာအနီးရှိ ဥတ္တူချောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်း မေလ ၁၉ ရက်နေ့၊ ည ၉ နာရီ အချိန်ခန့်က တိုက် ခိုက်ခံရခြင်း ဖြစ်သည်။

အသက် ၄၀ အရွယ် ရွာသားတစ်ဦးက “အိပ်ဖို့လုပ်နေတဲ့အချိန် တဂျိမ်းဂျိမ်းနဲ့ လက်နက်ကြီးသံတွေ၊ သေနတ်သံ တွေကြားရတာ။ သိပ်တော့မကြာဘူး ပစ်သံတွေ ပျောက်သွားတယ်။ မိနစ် ၄၀ လောက်ကြာတော့ အရေးပေါ် လူ နာတင် ကားသံတွေ သွားလာနေတာလည်း ကြားရတယ်” ဟု ပြောသည်။

ယင်းစစ်ဆင်ရေးကို သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့၊ ထားဝယ်တောင်ပိုင်း ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဦး- DDPDF တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု သရက်ချောင်း ပ.က.ဖ မှ မေလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းများအား မတရားခြိမ်းခြောက်ပြီး ငွေကြေးတောင်းခံနေခြင်းကြောင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များမှ ၆၀ မမ ဗုံးသီး ၁၀ လုံးနှင့် အတူ လက်နက်ငယ်များဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဦး တာဝန်ရှိသူက ပြောသည်။

ပစ်ခတ်မှုအချိန် ၅ မိနစ်ခန့်သာ ကြာမြင့်ခဲ့ကာ စစ်ကောင်စီဘက်က ၄ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များ လည်း ရှိသည်ဟု ထုတ်ပြန်ထားသည်။

စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများ ရှိခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့များဘက်တွင် အထိအခိုက်မရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

သရက်နှစ်ခွကျေးရွာသည် ထားဝယ် – မြိတ်သွား ပြည်ထောင်စု ကားလမ်းပေါ်တွင် ရှိပြီး ရွာနှင့် တစ်မိုင်နီးပါးခန့် ကွာဝေးသည့် ဥတ္တူချောင်းတံတား စစ်ကောင်စီ စစ်ဆေးရေးဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဧပြီ ၂၇ ရက်နေ့ညကလည်း သွားရောက်တိုက်ခိုက်ခဲ့ကြသေးသည်။

ဧပြီလ ၂၇ ရက်နေ့က တိုက်ခိုက်မှုအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။