ပြည်သူ့စစ်အဖွဲ့ကို PDF များက စက်လှေဖြင့် ကမ်းတက် တိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၂၂ ရက်။

စစ်လှေဖြင့် ကမ်းတက် ရောက်ရှိလာသည့် PDF တပ်ဖွဲ့များက ပုလောမြို့နယ် ကျောက္ကာကျေးရွာရှိ ပြည်သူ့စစ် အဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရပြီးနောက် ရွာသားအချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု ဒေသခံများ ကပြောသည်။

ပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်ခံရပြီးနောက် စစ်ကူရောက်ရှိလာသည့် စစ်ကောင်စီတပ်က ဒေသခံလူငယ်များကို ရွေးကာ ဖမ်းဆီးသွားခြင်း ဖြစ်သည်။

အမှတ် ၃ ရပ်ကွက်နေ အသက် ၃၅ နှစ်အရွယ် ရွာသားတစ်ဦးက “ဖမ်းခေါ်သွားတဲ့သူတွေက NLD အဖွဲ့ဝင် လူငယ် တွေပါပဲ၊ တမင်ရွေးပြီး ဖမ်းသွားတာ” ဟု ပြောသည်။

ဖြစ်စဉ်မှာ မေလ ၁၉ ရက်နေ့၊ ည ၁၀ နာရီ အချိန်ခန့်က ကျောက္ကာကျေးရွာ အမှတ် – ၂ ရပ်ကွက်တွင် ကင်းလှည့် နေသည့် ပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်ခံခဲ့ရပြီးနောက် ၂ နာရီခန့်အကြာ နှစ်ဖက်ကြား အပြန်အလှန် ပစ်ခတ်ခဲ့ကြ သည်ဟု ဒေသခံများက ပြောသည်။

နှစ်ဖက်ပစ်ခတ်မှုအတွင်း ပြည်သူ့စစ်များက ညပိုင်းပုံမှန်ကင်းစောင့်လေ့ရှိသည့် တောင်ပေါ်သို့ တက်ပြေးကာ အကာအကွယ် ယူနိုင်ခဲ့ခြင်းကြောင့် ထိခိုက်သေဆုံးမှုများ မရှိခဲ့ဘူးဟု ရွာသားတစ်ဦး က ပြောသည်။

ထို့နောက် စစ်ကူရောက်ရှိလာသည့် စစ်ကောင်စီတပ်က မေလ ၂၀ ရက်နေ့၊ နံနက် ၇ နာရီ အချိန်ခန့်တွင် ရွာသား ၄၀ ခန့်ကို ဖမ်းဆီးခဲ့ပြီး ရိုက်နှက်စစ်ဆေးခြင်းများနှင့် နေပူထဲ အချိန်အကြာထားကာ ညှင်ပမ်းနှိပ်စက် စစ်ဆေးမှု များ ပြုလုပ်ခဲ့သည်ဟု ရွာသားများက ပြောသည်။

နောက်ပိုင်းတွင် ဖမ်းဆီးထားသူများထဲမှ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၇ ဦးကို ပုလောမြို့နယ် အခြေစိုက် ခလရ ၂၈၅ တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျန်လူများကို ပြန်လွတ်ပေးခဲ့သည်။

တိုက်ပွဲဖြစ်နေချိန် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ့စစ်ခေါင်းဆောင်၏ နေအိမ်ကိုလည်း ရိုက်ဖျက်ခဲ့ကြသည်ဟု ရွာသားတစ်ဦးက ပြောသည်။

PDF တပ်ဖွဲ့က ပြည်သူ့စစ်တစ်ဦးကို ဖမ်းဆီးရမိသွားပြီး သေနတ်အရှည် ၂ လက်ကိုလည်း သိမ်းဆည်း သွားသည် ဟု ဆိုသည်။

မေလ ၁၉ ရက်နေ့၊ ည ၁၂ နာရီခွဲ အချိန်ခန့်က စစ်ကောင်စီတပ်ဘက်မှ စစ်ကူရောက်ရှိလာချိန်တွင် PDF များက လှေများဖြင့် ပြန်ဆုတ်ခွာသွားခဲ့သည်။

PDF တပ်ဖွဲ့များ ဆုတ်သွားသည့် လမ်းကြောင်းဟု ယူဆရသည့် နေရာများအပြင် ပိတပ်နှင့် မြဒေါင်ကျေးရွာ များ ဘက်သို့လည်း စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြသည်။

ထို့အပြင် စစ်ကောင်စီတပ်မှ ရေလမ်းခရီးဖြင့် လက်နက်ခဲယမ်းများ သယ်ယူပို့ဆောင်ရာတွင် ကျေးရွာအတွင်းရှိ ငါးဖမ်း လှေငယ်များကို မကြာခဏ ချောဆွဲ အသုံးပြုလေ့ရှိနေသည်ဟု ရွာသားများက ပြောသည်။

ကျောက္ကာကျေးရွာသည် ပင်လယ်ကျွန်းကျေးရွာ တစ်ရွာဖြစ်ကာ ရပ်ကွက် ၄ ခုရှိပြီး အိမ်ခြေတစ်ထောင်ဝန်း ကျင်ခန့် ရှိသည့် ရွာတစ်ရွာဖြစ်သည်။

ကျေးရွာအတွင်း နေထိုင်ကြသူအချို့မှာ ဥယျာဉ်ခြံနှင့် လယ်ယာလုပ်ငန်းတို့ကို လုပ်ကိုင်ကြပြီး အများစုမှာ ရေလုပ်ငန်းလုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်းကြသည်။

ဓါတ်ပုံ – မီးရှို့ခံရသည့် အုပ်ချုပ်ရေးမှူးရုံးနှင့် ပြည်သူ့စစ်ခေါင်းဆောင်၏ နေအိမ်