ဒူးရင်းနှင့် မင်းကွတ် ဈေးကောင်းရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၂၃ ရက်။
မြိတ်မြို့တွင် ရာသီပေါ် သီးနှံများဖြစ်သည့် ဒူးရင်းသီးနှင့် မင်းကွတ်သီးများ ယခုနှစ်တွင် ထူးထူးခြားခြား ဈေးကောင်း ရရှိခဲ့သည်ဟု သီးနှံရောင်းဝယ်နေသူများက ပြောသည်။
မတ်လလယ်ခန့်မှ စတင်ပေါ်သည့် မြိတ်ဒေသတွက် ဒူးရင်းသီးများနှင့် ဧပြီလကုန်ပိုင်း၌ စပေါ်သည့် မင်းကွတ်သီး များ ဈေးကောင်းရရှိခဲ့ခြင်း ဖြစ်သည်။
မတ်လ စတင်ထွက်ရှိစဉ်က ဒူးရင်းသီး (အုန်းသီးလုံးအရွယ်) ဆိုဒ်ကြီး တစ်လုံးလျှင် ငါးသောင်းကျပ်ခန့်အထိ အဖွင့် ဈေးပေါက်ခဲ့ပြီး ရှောက်သီး အလုံးကြီးဝန်းကျင်ခန့် အလုံးများမှာမူ ကျပ်ငွေ တစ်သောင်းဝန်းကျင် ရောင်း ချခဲ့ရသည်ဟု မြိတ်သီးနှံဈေးကွက်အတွင်းမှ သိရသည်။
စက်ဝန်းရပ်ကွက်မှ အနှစ် ၂၀ ကျော်အကြာ ဒူးရင်းသီးရောင်းလာသည့် အမျိုးသမီးတစ်ဦးက “ရာသီဥတုက ပူ ပြင်းပေမယ့် အထွက်နှုန်းက အရင်နှစ်တွေနဲ့ သိပ်ပြီး ထူးထူးခြားခြား မကွာလှပါဘူး၊ တစ်ခုပဲရှိတယ် အသား နည်းနည်း ကပ်သွားတယ်။ အရသာကတော့ မပြောင်းလဲပါဘူး။ အသီးမြင်တာနဲ့ ခေါက်ကြည့် နမ်းကြည့်စရာ မလိုဘူး။ ကောင်းမကောင်း တန်းသိတယ်” ဟု ပြောသည်။
ယခင်နှစ်များက ဒူးရင်းသီးစပေါ်ချိန် မတ်လအတွင်း တစ်လုံးလျှင် အများဆုံး နှစ်သောင်းခွဲကျပ် အထိသာ ဈေးရှိ ခဲ့ခြင်းကြောင့် ယခုနှစ်ဈေးကွက်သည် ဈေးအကောင်းဆုံး ရရှိသည့် နှစ်တစ်နှစ် ဖြစ်သည်ဟု ဆိုကြသည်။
မင်းကွတ်သီး ဈေးကွက်မှာလည်း ပေါ်ကာစတွင် အရွယ်အစားအပေါ် မူတည်ပြီး အလုံးကြီး တစ်လုံးလျှင် ၇၀၀ ကျပ်၊ အလုံးငယ်မှာ ၃၀၀ ကျပ်အထိ ဈေးရရှိခဲ့သည်။
မြန်မာမျိုးရင်း မဟုတ်သော ကီလိုဖြင့် ချိန်ရောင်းသည့် နိုင်ငံခြားမျိုး မွန်ထောင်းသီးနှင့် ကိုင်းဆက်စပ်မျိုး အသီး များ၏ (အခွံပါ) စျေးမှာ တစ်ကီလို ကိုးထောင့်ငါးရာမှ တစ်သောင်းကျပ်ဝန်းကျင် ပေါက်ဈေးရှိနေသည်။
လက်ရှိတွင် ဒူးရင်းသီး လှိုင်လှိုင် အထွက်များလာသည့် အချိန်ရောက်ရှိလာခြင်းကြောင့် ဈေးနှုန်းများ ပြန်လည် ကျဆင်းလာကာ ဒူးရင်းသီးအလုံးကြီးအရွယ် တစ်လုံး ၁၅၀၀၀ ကျပ်မှ အသေးဆုံးအရွယ် ကျပ် ၃၀၀၀ ခန့်သာ ရောင်းချနေသည်ဟု သစ်သီးကုန်သည်များက ပြောသည်။
မင်းကွတ်သီး ဈေးကွက်မှာလည်း အကြီး ၄၀၀၊ အသေး ၂၅၀ ကျပ်သာ ရရှိတော့သည်ဟု မြိတ်ကမ်းနားလမ်း ဆားတံတားအနီး ရောင်းဝယ်နေသူတစ်ဦးက ပြောသည်။
ယခုနှစ် ဈေးနှုန်းများ ကြီးမြင့်လာရခြင်းမှာလည်း သယ်ယူပို့ဆောင်စရိတ်ဖြစ်သည့် လှေခ နှင့် အလုပ်သမားခ များအပြင် သီးနှံထွက်ရှိရာဒေသအတွင်း အချိန်တူ တပြိုင်နက် ထွက်ရှိခြင်းမျိုး မဟုတ်ဘဲ ရာသီကြိုစောစွာ ထွက် ရှိသည်နှင့် နောက်ကျထွက်ရှိသော ကျေးရွာများကြောင့်လည်းဖြစ်သည် ဟု ကမ်းနားလမ်း ဆားတံတားအနီးရှိ ဒူးရင်းသီးရောင်းချနေသူ တစ်ဦးက ရှင်းပြသည်။
ဈေးနှုန်းကြီး မြင့်သော်လည်း လက်ရှိ စားသုံးရန်နှင့် ရန်ကုန်အပါအဝင် အခြားမြို့ကြီးများမှ ပြန်လည် ရောင်းချ ရန် အော်ဒါမှာယူသူများ၊ လက်ဆောင်ပေးရန် ဝယ်ယူသူများကြောင့် ရောင်းအားကျဆင်းမှု မရှိခဲ့ဘဲ ယခင်နှစ်များ က ထက်ပင် ပိုမိုအကျိုးအမြတ်ရနေသည် ဟု သစ်သီးသည်များက ဆိုသည်။
သီးနှံများ ထွက်ရှိရာ ပင်ရင်းကျေးရွာများမှာပင် ဈေးနှုန်းမြင့်နေခြင်းကြောင့် ယခင်နှစ်များကဲ့သို့ ဒူးရင်းသီးများ ကို ချိုသာသည့် ဈေးဖြင့်ဝယ်ယူကာ ယိုထိုး ရောင်းချသည့် ဒူးရင်းယို ဈေးကွက်မှာလည်း လက်ရှိတွင် မတွေ့ရှိရ သေးဘူးဟု မြို့ခံတစ်ဦးကပြောသည်။
မြိတ်ဒေသတွင် ဒူးရင်းသီးမှာ နှစ်စဉ် မတ်လလယ်မှ ဇူလိုင်လကုန်အထိသာ ထွက်ရှိလေ့ရှိပြီး ရာသီကုန်ဆုံးခါနီး ဇွန်လလယ်ခန့်တွင် ပေါ်စဦးက အဖွင့်ဈေးနီးပါး ပြန်ရလာနိုင်သည်ဟု ဆိုကြသည်။
မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်းရှိ ကတ္တလူ၊ ကမ်းကြီး၊ ပျဉ်ထပ်အော် စသည့် ကျေးရွာများတွင် ဒူးရင်းသီး အများဆုံး ထွက်ရှိသည်။
မြိတ်မြို့နယ်အတွင်း တုံးဗျောကြီး၊ တုံးဗျောငယ် ကျေးရွာများ၊ တနင်္သာရီမြို့နယ်တွင် တကူ၊ အင်းရှည်ကုန်း၊ လမိုင်းကော့၊ သရဘွင်ကျေးရွာတို့မှလည်း ဒူးရင်းသီးနှင့် ဒူးရင်းယိုများ ထွက်ရှိကာ ထုတ်လုပ်ရောင်းချကြသည်။