ပဲတန်ချိန် သောင်းချီ ချိပ်ပိတ်ခံရသဖြင့် ယွမ် သိန်းတစ်ထောင် ခန့် ဆုံးရှုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၂၃ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်-ကျင်စန်းကျော့နှင့် ထိစပ်နေသည့် ဝမ်တိန် တရုတ်နယ်စပ် ပိုးမွှားအုပ်သည့် ကုန်လှောင်ရုံတွင် တရုတ်ငွေ ယွမ်သိန်းတစ်ထောင် (ကျပ်သိန်းပေါင်း လေးသိန်း) ကျော်တန်ဖိုးရှိ နယ်စပ်မှ ကုန်သည်များ၏ ပဲတန်ချိန် သောင်းချီ ချိပ်ပိတ်ခံထားရသဖြင့် များစွာ နစ်နာဆုံးရှုံးနေရသည်ဟု ပြောသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံမှ ကုန်သည် လုပ်ငန်းရှင်များပိုင်သည့် တရုတ်ဘက်သို့ ပို့ကုန်ဖြစ်သော ပဲကုန်များ တရား မဝင် လမ်းကြောင်းမှ ဝင်လာသည်ဟု စွပ်စွဲ အကြောင်းပြချက်ဖြင့် ချိပ်ပိတ်ခံရခြင်း ဖြစ်သည်ဟု ကုန်သည်များ က ပြောသည်။

“ကျနော်တို့က တရားဝင် လမ်းကြောင်းကနေ စစ်ဆေးရေးဂိတ် အထပ်ထပ် ကျော်ပြီး ဝင်လာတာလေ။ အခွန် လည်း နှစ်နိုင်ငံ စလုံးဆောင်ထားတာ။ ဒီလို စနစ်နဲ့ပဲ ပို့နေတာ ဆယ်စုနှစ်တောင်ကျော်ပြီ။ လက်မခံဘူးဆိုရင် မဝင်ခင်ကတည်းက ပြောလေ။ အခုက တရုတ်ထဲကို ရောက်လို့ ဂိုဒေါင်မှာတောင် ရောက်နေပြီ။ အခွန်တွေ အကုန် ဆောင်ပြီးသား အရောင်းအဝယ် မဖြစ်သေးတာပဲ ရှိတာ” ဟု နယ်စပ်ကုန်သည်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့မှ စတင်၍ ချိပ်ပိတ်ခံရခြင်း ဖြစ်သည်ဟု နယ်စပ်နေ ကုန်သည်များက သတင်းနှင့် မီဒီယာကွန်ရက် သတင်းဌာနအား ပြောသည်။

ချိပ်ပိတ်ခံရသောကြောင့် နစ်နာ ဆုံးရှုံးသွားသည့် ကုန်သည်များထဲတွင် မြန်မာကုန်သည်များက အများစုဖြစ်ပြီး တရုတ်ကုန်သည်များလည်း အနည်းငယ်ပါဝင်သည်။ ၎င်းကုန်များကို ကိုယ်စားလှယ် အဖြစ် တရုတ်နိုင်ငံ ဘက်ခြမ်း တွင် အခွန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသူများလည်း ဖမ်းဆီးခံထားရသည်ဟု ဆိုသည်။

ထို့အပြင် ၎င်းကုန်များနှင့် ပတ်သက်၍လည်း တရားမဝင်လမ်းမှ ဝင်ရောက်လာကြောင်း ဖိအားပေး လက်မှတ် ထိုးခိုင်းနေခြင်းများလည်း ရှိနေသည်ဟု ကုန်သည်လုပ်ငန်းရှင်များက ဆက်ပြောသည်။

မြန်မာဘက်ခြမ်းမှ ကုန်သည်တစ်ဦးကလည်း “ဆုံးရှုံးမှု ငွေက နည်းတာ မဟုတ်ဘူး။ တရုတ်ယွမ်ငွေ သိန်း တစ်ထောင်ကျော်မယ်” ဟု ပြောသည်။

ချိပ်ပိတ်ခံရသောကြောင့် နယ်စပ်ကုန်သည်များ၏ ပဲတန်ချိန် ၂ သောင်းကျော်ခန့်၊ ကုန်ပစ္စည်း ကာလတန်ဖိုး တရုတ် ယွမ်ငွေ သိန်းတစ်ထောင်ကျော်ခန့် နစ်နာဆုံးနေရကာ နယ်စပ်ကုန်သည်များ အနေဖြင့် ညှိနှိုင်းဆောင်ရွက် နေသော်လည်း ယနေ့အချိန်ထိ အဆင်မပြေသေးဘူးဟု ကုန်သည်များက ပြောသည်။

ထိုသို့ ချိပ်ပိတ်ခံထားရသည်နှင့် ပတ်သက်၍ နှစ်နိုင်ငံ ကုန်သွယ်ရေး တာဝန်ရှိသူများဘက်က တစ်စုံတစ်ရာ ညှိ နှိုင်းဆောင်ရွက်ပေးခြင်းမျိုး မေလ စတုတ္ထပတ်ထိ မရှိသေးဘူးဟု ဆိုသည်။

ကုန်သည်တစ်ဦးက “အရင်က ဒီလို ပြဿနာတွေ ရှိခဲ့ဖူးပေမယ့် ဒီလိုမျိုးတော့ မဟုတ်ဘူး။ မတူဘူးပေါ့နော်” ဟု ပြောသည်။

လက်ရှိ တရုတ်ငွေ ၁ ယွမ်ကို မြန်မာငွေ ကျပ် ၄၀၀ ကျော် ရှိပြီး ယခင်က ဘဏ်အကောင့် ပိတ်ခံရတုန်းကလည်း ဘာမှ မလုပ်ပေးနိုင်ဘူးဟု ဆိုသည်။

တရုတ်ကုန်သည် တစ်ဦးက “အရင်က တရုတ်ဘက် ဂျူတီဆောင်ပြီး တင်သွင်းခိုင်းတာ။ နောက်ပိုင်း ဘယ်သူမှ ဂျူတီဆောင်ပြီး မတင်သွင်းနိုင်တော့ ပဲတီစိမ်းတွေက ပြည်မထဲထိ သွားပေမယ့် အစိုးရက ဒေသထွက်ကုန် အနေနဲ့ စနစ်တစ်ခုပေးထားတာ။ ဂျူတီရှောင်တဲ့ သဘောပေါ့။ အခုက ဒေသထွက်ကုန်က ဂျူတီ (အခွန်) နည်း တယ်လေ။ အဲ့ဒါကြောင့် အဲဒီစနစ်ကို ပြန်မပေးချင်တော့လို့ အပြစ်ရှာတာ” ဟု ပြောသည်။

Border Trade နှင့် Normal Trade အပြောင်းအလဲကြောင့် ဖြစ်ပြီး လက်မခံကြောင်း ကြိုတင် ပြောထားခြင်း မရှိခြင်းကြောင့် ကုန်သည်များအနေဖြင့် များစွာနစ်နာဆုံးရှုံးရခြင်း ဖြစ်သည်ဟု အခြား မြန်မာကုန်သည် တစ်ဦး က ပြောသည်။

စစ်ကောင်စီအနေဖြင့် ပြည်သူများမှာ ဆုံးရှုံးနစ်နာမှု များလွန်းနေသောကြောင့် နှစ်နိုင်ငံ သံတမန် နည်းလမ်းဖြင့် ညှိနှိုင်းပေးသင့်ကြောင်း နယ်စပ်ကုန်သည် လုပ်ငန်းရှင်များက ပြောသည်။

လွန်ခဲ့သည့် ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းတွင်လည်း တရုတ်နယ်စပ်တွင် ဖွင့်လှစ်ထားသည့် မြန်မာနိုင်ငံသားများ၏ ဘဏ်အကောင့် ရာချီ ပိတ်သိမ်းခံခဲ့ရကာ များစွာဆုံးရှုံးနစ်နာခဲ့ဖူးသည်။

ဓာတ်ပုံ – ကုန်တင်ယာဉ်မောင်း တစ်ဦး