တအာင်းဒေသတွင် မိုင်းကွဲ အမျိုးသား တစ်ဦး ဒဏ်ရာ ရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၂၆ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် နမ့်ဆန်မြို့နယ်တွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

နမ့်ဆန်မြို့နယ်၊ ကြက်သေကျေးရွာမှ အမျိုးသားတစ်ဦးသည် အလုပ်သွားရင်း လမ်းတွင်တွေ့သည့် မိုင်းကို ကောက်ယူလာရာမှ အိမ်အရောက်တွင် ပေါက်ကွဲသွားခြင်း ဖြစ်သည်။

ကြက်သေကျေးရွာ ဥက္ကဋ္ဌ ဦးထွန်းဝင်းက “သူက တောင်ယာကောက်လာတာ မိုင်းက.. အိမ်ပြန်ရောက်တော့ သူက ထုလိုက်တာလား ဘယ်လိုလုပ်လိုက်လဲတော့ မသိဘူး။ မိုင်းက ပေါက်ကွဲသွားတော့ သူ့ကို ထိသွားတယ်” ဟု ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် ကြက်သေကျေးရွာက ရွာသား ဦးအိုက်ညွန့် အသက် ၄၅ နှစ်သည် ပြင်းထန်ဒဏ်ရာများ ရရှိသွားခဲ့သည်။

ဦးအိုက်ညွန့်မှာ မိုင်းပေါက်ကွဲမှုကြောင့် မျက်နှာတစ်ပြင်လုံးအပြင် လက်ချောင်းများ၊ ခြေထောက်နှင့် ဝမ်းဗိုက်တို့ တွင် ဒဏ်များ ရရှိသွားသည်။

ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့၊ နေ့လည်ပိုင်း ၁ နာရီအချိန်ခန့်တွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု အနီးအနားရှိ ဒေသခံများက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသွားသူ ဦးအိုက်ညွန့်မှာ လက်ရှိတွင် နမ့်ဆန်မြို့၊ မြို့သစ်ဘက်ရှိ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု ဆိုကြသည်။

ဆင်းရဲနွမ်းပါးသည့် ဦးအိုက်ညွန့်အတွက် ဆေးကုသမှုခံယူနိုင်ရန် ငွေကြေးအခက်အခဲရှိနေသည့်အပြင် မိခင်အို အား လုပ်ကိုင်ကျွေးမွေးနေရသူ ဖြစ်သောကြောင့် လက်ရှိတွင် နေ့စဉ်စားရေးသောက်ရေး အတွက်ပါ ခက်ခဲ နေ ကြသည်ဟု နီးစပ်သူများက ပြောသည်။

“အိမ်မှာက သူ့နဲ့ သူအမေပဲ ရှိထားတယ်။ သူ့အမေကလည်း အသက် (၇၅) နှစ်လောက်ရှိပြီ။ အခုက သူ ဆေးကု သဖို့အတွက် သူ့ဆွေးမျိုးနဲ့ ရွာကလူတွေ နည်းနည်းစီထည့်ပြီး လှူပေးကြတယ်” ဟု ပြောသည်။

ကြက်သေကျေးရွာတွင် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တွင် ရှမ်းတပ် – RCSS/SSA နှင့် တအာင်းတပ် – PSLF/TNLA တို့ အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြသည်။

ထို့ကြောင့် ယခုပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်မိုင်းမှာ အဆိုပါ တိုက်ပွဲများဖြစ်ပွားချိန်က ကျန်ခဲ့သည့် စစ်လက် ကျန်မိုင်း ဖြစ်နိုင်သည်ဟု ဒေသခံများက ဆိုကြသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်အာဏာမသိမ်းခင်အပြင် အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း ဒေသခံ တိုင်း ရင်းသားတပ်ဖွဲ့ အချင်းချင်းကြားတွင်သာမက၊ အဆိုပါတိုင်းရင်းသားတပ်များနှင့် စစ်တပ်တို့အကြားက တိုက်ပွဲ များအတွင်း ကျန်ခဲ့သည့် စစ်လက်ကျန် မိုင်းများ၊ ဗုံးများ ပေါက်ကွဲခြင်းတို့ မကြာခဏ ဖြစ်ပွားလေ့ရှိနေသည်။

၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင်လည်း နောင်ချိုမြို့နယ်၊ ကုန်းကြီးကျေးရွာအုပ်စု၊ ဟိုခဲကျေးရွာက အမျိုးသား ၃ ဦးမှာ မိုင်းနင်းမိပြီး ၂ ဦးဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြသည်။

အလားတူ မေလ ၁ ရက်နေ့ကလည်း လားရှိုး – သိန္နီ ပြည်ထောင်စု လမ်းမကြီးဘေးရှိ နမ့်တွန်းကျေးရွာအုပ်စု ဖောင်လိတ်ကျေးရွာ (၁၆) မိုင် နေရာတွင် အမျိုးသမီးတစ်ဦး တောင်ယာရှင်းလင်းချိန်မှာ မိုင်းနင်းမိခဲ့ပါသေး သည်။