လောင်းလုံး ဌာနဆိုင်ရာ ရုံးများ ပစ်ခံရ၊ လဝက အရာရှိတစ်ဦး အပါအဝင် နှစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၂၆ ရက်။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ရှိ လူဝင်မှုကြီးကြပ်ရေးရုံး၊ စရဖရုံးနှင့် ရဲစခန်းတို့ ပစ်ခတ်တိုက်ခိုက်ခံရပြီး လဝက အရာရှိတစ်ဦး အပါအဝင် နှစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့ပြီးနောက် စစ်ဆေးမှုများ လုပ်နေသည်ဟု ဒေသခံများက ပြော သည်။

ဖြစ်စဉ်မှာ ကားဖြင့် ရောက်ရှိလာသည့် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်သွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အသက်၄၀ခန့်အရွယ် လောင်းလုံးမြို့ခံတစ်ဦးက “သူတို့က လဝကရုံးနဲ့ စရဖရုံးကို အဓိကထားပြီးလာပစ်တာ။ ရုံးနှစ်ခုက ကပ်နေတာ။ ရဲစခန်းကတော့ ဒီဘက်က ပစ်သံကြားလို့ ရဲတွေဘက်က ခြောက်ပစ်တာပါ” ဟု ပြော သည်။

လဝကရုံးကိုပစ်ခတ်ခံရစဉ် အကြီးတန်းအရာရှိတစ်ဦး အပါအဝင် ၂ဦးသေဆုံးခဲ့ပြီး ရုံးအတွင်းရှိ အရပ်သား အချို့လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။

ပစ်ခတ်တိုက်ခိုက်ခံရချိန် ရဲစခန်းအတွင်းရှိ စစ်ကောင်စီတပ်နှင့် စရဖရုံးတို့ အထဲမှလည်း ပြန်လည်တုန့်ပြန် ပစ်ခတ်ခဲ့သေးသည်ဟု ဒေသခံများ က ဆိုသည်။ အဆိုပါ ဖြစ်စဉ်မှာ မေလ ၂၃ ရက်နေ့၊ မွန်းတည့်ချိန်တွင် ဖြစ်ပွားခဲ့သည်။

လောင်းလုံးမြို့နယ်အတွင်းရှိ နယ်မြေခံရဲစခန်းများ၊ ပျူစောထီးစခန်းများအား ပြည်သူ့ကာကွယ်ရေးတပ်များက မကြာခဏဆိုသလို ဝင်ရောက် တိုက်ခိုက်ခြင်းများနှင့် သိမ်းပိုက်ခြင်းများ ရှိခဲ့ဖူးသော်လည်း ယခုကဲ့သို့ မြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများ ပစ်ခတ်ခံရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် နာရီဝက်ခန့်အကြာတွင် အရေးပေါ်လူနာတင်ယာဉ် အများအပြားရောက်လာကြပြီး သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို ထားဝယ်ဘက်သို့ တင်ဆောင်သွားသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်ခံရသည့်လဝကရုံး အနီးဝန်းကျင်နှင့် လောင်းလုံးမြို့ပေါ်ရပ်ကွက်များအား အခင်း ဖြစ်သည့်နေ့ ညနေပိုင်းအချိန်မှ စတင်၍ လိုက်လံစစ်ဆေးမှုများ ပြုလုပ်ခဲ့သည် ဆိုကြသည်။

ထို့အပြင် ယနေ့အချိန်ထိလည်း လုံခြုံရေးတင်းကြပ်ထားပြီး ယခင်ကထက် စစ်ဆေးမှုများ လုပ်နေသည်ဟု ဒေသခံများက ဆိုသည်။

ပစ်ခတ်ခံရသည့် လဝကရုံးနှင့် လောင်းလုံး မြို့မရဲစခန်းတို့သည် နှစ်ဖာလုံခန့်သာ ကွာဝေးသည်ဟု ဒေသခံများက ပြောသည်။