ရာအိမ်မှူးနှင့် မီးသတ် တပ်ခွဲမှူး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၂၆ ရက်။

ကော့သောင်းတွင် ရာအိမ်မှူးနှင့် မီးသတ်တပ်ခွဲမှူးတို့ ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံရွာသားများက ပြော သည်။
ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ ရှမ်းကိုးဒေသတွင် ရာအိမ်မှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်။

ဒေသခံတစ်ဦးက “ဦးတင်သန်း ရာအိမ်မှူးနဲ့ ဦးအေးချို့တို့ အသတ်ခံရတာပါ” ဟု ပြောသည်။

ပစ်သတ်ခံရသူများမှာ ရှမ်းကိုးဒေသ၊ အောင်ချမ်းသာကျေးရွာမှ ရာအိမ်မှူး ဦးတင်သန်းနှင့်အရန်မီးသတ်တပ်ခွဲမှူး ဦးအေးချိုတို့ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဆိုင်ကယ်များဖြင့် ရောက်ရှိလာသည့် လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ၎င်းတို့ ၂ ဦးကို မေလ ၂၃ ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်ခန့်က နေအိမ်တို့တွင် ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။

ဦးတင်သန်းနှင့် ဦးအေးချိုတို့ကို ကော့သောင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်
ကြောင်း ထိုနေ့ ညနေပိုင်းမှာပင် သတင်းထုတ်ပြန်ထားသည်။

၎င်းတို့ နှစ်ဦးကို စစ်ကောင်စီ သတင်းပေး မပြုလုပ်ကြရန် ယခင်ကတည်းက အကြိမ်ကြိမ်သတိပေးခဲ့ပြီး ဖြစ် သော်လည်း ဆက်လက်လုပ်ဆောင်နေခြင်းကြောင့် ယခုကဲ့သို့ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ဖေါ်ပြထား သည်။

ပစ်ခတ်ရှင်းလင်းခံရပြီးနောက် မွန်းလွဲ ၁ နာရီခန့်တွင် သေဆုံးသူ နှစ်ဦးလုံး၏ နေအိမ်များသို့ စစ်ကောင်စီတပ်မှ စစ်ကားကြီး ၂ စီးဖြင့် ရောက်ရှိလာပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံ ရွာသားများက ဆိုသည်။

အသက် ၄၅ နှစ်အရွယ် ရွာသားတစ်ဦးက “သူတို့က စစ်တပ်နဲ့ပေါင်းပြီး ရွာက PDF တပ်ဖွဲ့ဝင်တွေရဲ့ ဥယျဉ်ခြံ မြေ တွေ သိမ်းပြီးရောင်းနေတာတွေ လုပ်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင်လည်း အောင်ချမ်းသာကျေးရွာအုပ်စု ရွာသစ်ကျေးရွာမှ စစ်ကောင်စီ ခန့်ရာအိမ်မှူးနှင့် ၎င်း၏ ဇနီးဖြစ်သူတို့ ၂ဦးကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ရှင်းလင်း ခဲ့သေးသည်။