မန္တလေးသို့ ပို့မည့် ဆင်စွယ်နှင့် ဆင်သားရေများ ဖမ်းမိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၂၈ ရက်။
ပုသိမ်မြို့ အဝေးပြေးကားကြီးဝန်းအတွင်း ကောင်းမြတ်မန်း ကားဂိတ်တွင် မန္တလေးသို့ ပို့ဆောင်မည့် ဆင်စွယ်နှင့် ဆင်သားရေချပ်များကို ဖမ်းမိခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူ တစ်ဦးက ပြောသည်။
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက်၊ ကင်မလင်းကျွန်း အဝေးပြေးကားကြီးဝန်းအတွင်းရှိ ပုသိမ်-မန္တလေး ပြေးဆွဲသည့် ကောင်းမြတ်မန်းကားဂိတ်တွင် ဖမ်းဆီးရမိခြင်းဖြစ်သည်ဟုု အုပ်ချုပ်ရေးအဖွဲ့၀င် တစ်ဦး က ပြောသည်။
အုပ်ချုုပ်ရေးအဖွဲ့ဝင်က “အခြောက်လှမ်းပြီးသား ဆင်သားရေချပ်တွေနဲ့ ဆင်စွယ်တွေပါ။ အခုက တောဆင်ရိုင်း တွေ အသတ်ခံရတာများလာလို့ စီမံချက်နဲ့လုပ်လို့ ပစ္စည်းပဲမိတာ တရားခံမမိဘူး” ဟု ပြောသည်။
ဆင်သားရေချပ်များနှင့် ဆင်စွယ်များကို မေလ ၂၀ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ ရဲများကဖမ်းမိခြင်း ဖြစ်သည်။
ဧရာ၀တီတိုင်းတွင် ၂၀၂၃ ခုနှစ် ဇန္နဝါရီလ မှ မေလ ၁၄ ရက်နေ့အထိ ပုသိမ်၊ ငပုတောနှင့် သာပေါင်းမြို့နယ်များ အတွင်း ဆင်သတ်မုဆိုးများ လက်ချက်ဖြင့် တောဆင်ရိုင်း ၆ ကောင် အသတ်ခံခဲ့ရပြီး ဖြစ်သည်။
မေလ ၁၄ ရက်နေ့က ငပုတောမြို့နယ်ထဲတွင် ဒဏ်ရာရပြီး အဆိပ်သင့်သေဆုံးနေသည့် တောဆင်ရိုင်းကို မေလ ဒေသခံများက တွေ့ရှိခဲ့ကြသည်။
သစ်တောနှင့် စီးဌာနနှင့်နီးစပ်သူတစ်ဦး က “ဆင်က အဆိပ်မြှားနဲ့ ပစ်ခံရတော့ ပြေးရင်းလွှားရင်း ရွာနားကပ်လာ တာဗျ။ ရွာနားဆိုတော့ မုဆိုးတွေက ဆင်အရည်ခွံခွာဖို့ မဖြစ်နိုင်တော့လို့ ဒီတိုင်းထားသွားတာ။ ဒေသခံတွေက သစ်တော တာဝန်ရှိသူတွေကို သတင်းပေးလို့ပေါ့ လူမသိသူမသိအသတ်ခံရတာ ဘယ်နှစ်ကောင်ရှိနေပြီလဲမှ မသိ တာ” ဟု ပြောသည်။
တောဆင်ရိုင်းများမှာ လူရှိသည့် ကျေးရွာနားအနီး လာရောက်ခိုလှုံကာ စိုက်ခင်းများအတွင်းဝင်ရောက်၍ ရှာဖွေ စားသောက်နေပြီဆိုပါက ဆင်သတ်မုဆိုးများ တောတွင်းသို့ရောက်ရှိနေပြီဟု ခန့်မှန်းနိုင်ကြောင်း ပိုးလောင်းကျေး ရွာမှ ဒေသခံတစ်ဦးကပြောသည်။
ဒေသခံဆင်ချစ်သူတစ်ဦးက “အာဏာမသိမ်ခင်တုန်းကတော့ တောဆင်ရိုင်းတွေ ရွာနားကပ်လာပြီဆိုတာနဲ့ သစ် တောရဲနဲ့ ဒေသခံဆင်ချစ်သူတွေ ပူးပေါင်းပြီး ကင်းလှည့်ကြတော့ ဆင်မုဆိုးတွေ ပြန်ထွက်သွားကြတာပေါ့။ အခု ကတော့ လက်ရဲဇက်ရဲနိုင်လွန်းနေပြီ” ဟု ပြောသည်။
ဆင်သတ်မုဆိုးများသည် တောဆင်ရိုင်းများကို သတ်ဖြတ်ကာ အရေပြား၊ အစွယ်၊ နှာမောင်းနှင့် အမြှီးများကို မန္တလေးနှင့် မူဆယ်မြို့များသို့ ပို့ဆောင်ကာ ရောင်းချခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူများကပြောသည်။