စစ်ကောင်စီတပ်က အရပ်သား ၄၀ ကျော် ဖမ်းဆီးသွား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၂၈ ရက်။
လောင်းလုံးမြို့နယ်အတွင်းမှ ကမ်းခြေကျေးရွာများသို့ ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် အရပ်သား ၄၀ ကျော်ကို ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။
သဲပုံကျေးရွာဘက်မှ တောလမ်းအတိုင်း ခြေလျင်စစ်ကြောင်းထိုးလာရာ လမ်းတစ်လျှောက်ရှိ သဘော့ဆိပ်၊ ပြင် ကြီးကျေးရွာများရှိ ငါးဖမ်းပိုက်ပြင်၊ ပိုက်ဖာလုပ်ကိုင်နေသူများနှင့် ဒေသခံအချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ ခြင်း ဖြစ်သည်။
အသက် ၅၀ ခန့်အရွယ် သဘော့ဆိပ်ရွာသား တစ်ဦးက “သဘော့ဆိပ်နဲ့ ပြင်ကြီးက ရွာချင်းကပ်နေတာနဲ့ အလုပ် လုပ်နေကြချိန်ဆိုတော့ အဖမ်းခံရတာ ပိုများတယ်၊ မွန့်တည့်ခါနီးမှာ ပြန်လွှတ်ပေးတာတွေလည်း ရှိသလိုဆက် ပြီး ဖမ်းထားတာလည်း ရှိတယ်” ဟု ပြောသည်။
မေလ ၂၅ ရက်နေ့၊ နံနက် ၇ နာရီခန့်က အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်က ရွာသားများကို ဖမ်းဆီးခဲ့သည့် အပြင် အနီးဝန်းကျင်များသို့လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဖမ်းဆီးထားသူများကို နံနက် ၁၁ နာရီခန့်တွင် အများစုကို ပြန်လွှတ်ပေးလိုက်သော်လည်း အချို့ကို သဘော့ဆိပ် ဘုန်းကြီးကျောင်းအတွင်း ယနေ့အချိန်ထိ ဆက်လက်ဖမ်းဆီးထားသည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်က သဲပုံတောင်ဘက်မှ အနောက်ဘက်တောင်ကြောဘက်သို့ နံနက် ၁၀ နာရီခန့် အထိ လက်နက် ကြီး ၁၀ ချက်ကျော် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။
စစ်ကောင်စီတပ်က သဲပုံကျေးရွာသို့ မြေတင်ကားများဖြင့် မေလ ၂၄ ရက်နေ့၊ ညနေပိုင်းကတည်းက ရောက်ရှိနေ ကြခြင်း ဖြစ်ပြီး နံနက်အာရုဏ်တက်သည့် အချိန်ရောက်မှ တောမိုးတောင်ကြောမှ သဘော့ဆိပ်ကျေးရွာဘက်သို့ ဆင်းလာခြင်း ဖြစ်သည်ဟု ဆိုကြသည်။
မတ်လ ၆ ရက်နေ့ကလည်း လောင်းလုံးမြို့နယ်အတွင်းရှိ ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီး၊ ကရင်ကြီး၊ ကမ်း ပနီ စသည့် ကျေးရွာများကို စစ်ကောင်စီတပ်က တောလမ်းအတိုင်း စစ်ကြောင်းထိုးဝင်ရောက်ပြီး မွှေနှောက်ရှာ ဖွေခဲ့ဖူးသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။