မြို့ပေါ်ရုံးများ တိုက်ခံရပြီး ၃ ရက်အတွင်း လူ ၇၀ ခန့် ဖမ်းဆီး စစ်ဆေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၂၈ ရက်။
လောင်းလုံမြို့ပေါ် ရှိ ရုံးများ တိုက်ခိုက်ခံရပြီးသည့်နောက် စစ်ကောင်စီတပ်က သုံးရက်အတွင်း လူ ၇၀ ဦးခန့်ကို ဖမ်းဆီး စစ်ဆေးခဲ့သည်ဟု မြို့ခံများက ပြောသည်။
မြို့နယ်ရဲစခန်း၊ စရဖရုံးနှင့် လူဝင်မှုကြီးကြပ်ရေးရုံးတို့ မေလ ၂၃ ရက်နေ့ နေ့လယ်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခံ ခဲ့ရပြီးနောက် ညနေပိုင်းမှ စတင်ကာ ဖမ်းဆီးစစ်ဆေးမှုများကို စစ်ကောင်စီတပ်မှ ပြုလုပ်နေခဲ့ခြင်းဖြစ်သည်။
အသက် ၄၀နှစ်ခန့်အရွယ် မြို့ခံ အမျိုးသားတစ်ဦးက “(က) ရပ်ကွက်မှာ အဖမ်းအဆီးများတယ်။ လဝကရုံးဝင် အပစ်ခံရတဲ့နေ့ ညနေပိုင်းမှာ မြို့ခံ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦးကို စပြီးဖမ်းတာ၊ ညဘက်မှာ ဧည့်စာရင်း တွေလည်း လိုက်စစ်တယ်” ဟု ပြောသည်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ရှိ လူဝင်မှုကြီးကြပ်ရေးရုံး၊ စရဖရုံးနှင့် ရဲစခန်းတို့ ပစ်ခတ်တိုက်ခိုက်ခံရပြီး လဝက အရာရှိတစ်ဦး အပါအဝင် နှစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့သည်။
ပစ်ခတ်တိုက်ခိုက်ခံရချိန် ရဲစခန်းအတွင်းရှိ စစ်ကောင်စီတပ်နှင့် စရဖရုံးတို့ အထဲမှလည်း ပြန်လည်တုန့်ပြန် ပစ်ခတ်ခဲ့သေးသည်ဟု ဒေသခံများက ဆိုသည်။ ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် မေလ ၂၄ ရက်ရက်နေ့ ညနေပိုင်းတွင် စားသောက်ဆိုင် ၃ ဆိုင်တွင် စားသောက်နေကြသူ အရပ်သား အယောက် ၆၀ ကျော်ခန့်ကို စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီး သွားသည်ဟု မြို့ခံတစ်ဦးက ဆိုသည်။
ဖမ်းဆီးခံရသူအများစုမှာ အမျိုးသားများဖြစ်ကြပြီး စရဖရုံးသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် စစ်ဆေးမေး မြန်းခဲ့ကာ ညနေ ၆ နာရီခန့်တွင် ပြန်လွှတ်ပေးခဲ့သည်။
နေ့တစ်နေ့တည်းမှာပင် မြို့ပေါ် (က) ရပ်ကွက်ရှိ ဆိုင်ကယ်ပြင်ဆိုင်မှ အမျိုးသားတစ်ဦးနှင့် စတီးသံပန်းလုပ်ကိုင် နေသူအမျိုးသားတစ်ဦးတို့လည်း ဖမ်းဆီးစစ်ဆေးခံခဲ့ရပြီး ၎င်းတို့ ၂ဦးကိုမူ မေလ ၂၅ရက်နေ့နံနက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။
မြို့ပေါ် ရုံးများပစ်ခတ်တိုက်ခိုက်မှု့ကို နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးအဖြစ် ထားဝယ်ပြောက်ကျားတပ်ဖွဲ့၏ ထားဝယ်နဂါးတပ်ခွဲ (၁) နှင့် ထားဝယ်နဂါးတပ်ခွဲ (၅) တို့မှ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပူးပေါင်းတပ် ဖွဲ့က မေလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
တိုက်ခိုက်ခံရမှုအတွင်း လဝက ဒု-ဦးစီးမှူး ဦးသိန်းမင်းလတ် သေဆုံးပြီး လောင်းလုံးရဲစခန်းကိုလည်း ၄၀မ မ လောင်ချာဖြင့် ပစ်ခတ်ခဲ့သည်ဟုလည်း ဖေါ်ပြထားသည်။
လက်ရှိတွင် လောင်းလုံးမြို့နယ်ရဲစခန်း၌ စစ်ကောင်စီတပ်များ အင်အားထပ်ဖြည့်ထားပြီး လမ်းသွားလမ်းလာ များကို စစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း မြို့ခံများက ပြောသည်။