ရိုဟင်ဂျာ ၆၀ ကျော်ကို ထောင်ဒဏ် ၅ နှစ်စီ ချမှတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၄ ရက်။

ဟိုင်းကြီးကျွန်း အနီး ပင်လယ်မှာ ဖမ်းမိသည့် ရိုဟင်ဂျာ ၆၂ ဦး ကို စစ်ကောင်စီ၏ ငပုတောမြို့နယ် တရားရုံးက ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်သည်။

ထိုရိုဟင်ဂျာများမှာ မေလ ပထမပတ်က ဖမ်း ဆီးခံလိုက်ရသူများ ဖြစ်သည်။

တရားလွှတ်တော် ရှေ့နေတစ်ဦးက “လဝက ဦးစီးဌာန စစ်ဆေးချက်တွေ ရဲတပ်ဖွဲ့ စစ်ဆေးချက်တွေနဲ့ အမိန့်ချ လိုက်တာဖြစ်ပြီး ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေ ဘက်ကနေ ဥပဒေအရ ဘာမှ လျှောက်လဲခွင့် မရတဲ့အပြင် ချမှတ်တဲ့ ထောင်ဒဏ် ၅ နှစ်ကလည်း လွန်းများနေတယ်“ ဟု ပြောသည်။

မေလ ၅ ရက်နေ့ က ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့အနီး ပင်လယ်ပြင်တွင် စစ်ကောင်စီ၏ ဟိုင်းကြီးကျွန်း ရေ တပ် စခန်းက စစ်ရေယာဉ်ဖြင့် လိုက်လံ ဖမ်းဆီးခြင်း ခံရသော ရိုဟင်ဂျာအမျိုးသား ၅၀ ဦး နှင့် အမျိုးသမီး ၁၂ ဦး ကို မေလ ၃၁ ရက်နေ့က နိုင်ငံသား မှတ်ပုံတင်အက်ဥပဒေ ပုဒ်မ ၆၃ ဖြင့် ငပုတောမြို့နယ် တရားရုံးက အမိန့်ချ လိုက်သည်ဟု တရားရုံးနှင့် နီးစပ်သူများက ပြောသည်။

ဖမ်းဆီးထောင်ချခံရသည့် ရိုဟင်ဂျာ ၆၂ ဦးမှာ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်းတော၊ စစ်တွေစသည့် ဒေသ များတွင် မွေးဖွားသည့်သူများ ဖြစ်ပြီး မြန်မာနိုင်ငံသားများ ဖြစ်ပါလျှက် နိုင်ငံသား အခွင့်အရေး ဆုံးရှုံးနေသူများ ဖြစ်သည်ဟု တရားလွှတ်တော်ရှေ့က ပြောသည်။

ထို့အပြင် အသက် ၁၈ နှစ် မပြည့်သေးသူများသည်လည်း ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး ဆုံးရှုံးနေသူများ ဖြစ်နေသည် ဟု ၎င်းရှေ့နေက ဆက်ပြောသည်။

ဒေသခံ မူဆလင် လူမှုကူညီရေး အဖွဲ့ဝင်တစ်ဦးက ထောင်ချခံရသည့် ရိုဟင်ဂျာ ၆၂ ဦးတွင် အသက် ၁၈ နှစ် မပြည့်သေးသည့် ကလေးငယ် ၈ ဦးကိုလည်း ထောင် ၅ နှစ်စီ ချလိုက်သည့်အတွက် ကလေးငယ်များမှာ မိဘများ နှင့် ခွဲခွာပြီး ကလေးထောင်တွင် ကျခံရမည်ဖြစ်ရာ တရားသူကြီးက သားသမီးချင်း စာနာစိတ် ကင်းမဲ့လွန်းစွာ အမိန့်ချလိုက်သည် ဟု ထောက်ပြ ပြောဆိုသည်။

ဒေသခံ မူဆလင် လူမှုကူညီရေး အဖွဲ့ဝင်တစ်ဦးက “သူတို့ (ရိုဟင်ဂျာ) တွေစီက အဖမ်းခံရတုန်းက ဖုန်းတွေနဲ့ငွေ တွေကို ‌ရေတပ်က သိမ်းထားတာ။ ပြန်မပေး သေး ဘူး။ အဲ့ဒါတွေကို သိမ်းထားတဲ့ အဖွဲ့အစည်းက ဒေသခံ မူဆ လင် ဘာသာရေး အဖွဲ့အစည်း ဒါမှမဟုတ် ဗလီ ကို အပ်နှံရမှာ ဖြစ်တယ်။ ဖမ်းထားတုန်းကလည်း အာဏာရှိ အဖွဲ့အစည်းက မကျွေးနိုင်လို့ ဗလီကကျွေး ထားရတယ်” ဟု ပြောသည်။

ဖမ်းဆီးထောင်ချခံရသည့် ရိုဟင်ဂျာ ၆၂ ဦးမှာ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောဒေသရှိ ဒုက္ခသည်စခန်းများ က အများစုပါဝင်ပြီး မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ရန် စက်လှေဖြင့် ထွက်ခွာလာကြစဉ် ဟိုင်းကြီး ကျွန်းအနီး အရောက် ပင်လယ်ပြင်တွင် စစ်ကောင်စီရေတပ်၏ ဖမ်းဆီးမှုကို ခံခဲ့ရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့ကလည်း ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများမှ ထွက်ခွာလာသော ရိုဟင် ဂျာ အယောက် ၇၀ ကျော်ကို ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့အနီး ပင်လယ်ပြင်တွင် စစ်ကောင်စီ၏ ရေတပ် က ဖမ်းဆီးရမိခဲ့သေးသည်။

ဖမ်းဆီးရမိခဲ့သော အဆိုပါ ရိုဟင်ဂျာ ၇၀ ကျော်ကိုလည်း ငပုတောမြို့နယ် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့ အင် အား ဦးစီးဌာနက နိုင်ငံသား မှတ်ပုံတင် အက်ဥပဒေပုဒ်မ – ၆၃(က) ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ပြီး ငပုတောမြို့ နယ် တရားရုံးက ဧပြီလ ၂၅ ရက်နေ့တွင် ထောင်ဒဏ် ၂ နှစ်စီချခဲ့သေးသည်။