လက်နက်ကြီးကြောင့် သေဆုံးသည့် သမီးအလောင်းကိုတွေ့ရာမှ မိခင်ဖြစ်သူ နှလုံးရပ်သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၄ ရက်။
ပုလောတွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးနေသော သမီးဖြစ်သူ ကို မြင်တွေ့ လိုက်ရာမှ မိခင်ဖြစ်သူပါ နှလုံးရပ်သေဆုံးခဲ့သည်ဟု ရွာသားများက ပြောသည်။
ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ မင်းထိန်ကျေးရွာဘက်သို့ တိုက်ပွဲ ဖြစ်ပွားခြင်းမျိုး မရှိဘဲ လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံရွာသားများက ပြော သည်။
သေဆုံးသွားသူများမှာ မင်းထိန်ကျေးရွာနေ ဒေါ်ငွေရှင် အသက် ၅၀ နှစ် နှင့် အသက် ၉၅ နှစ် အရွယ် မိခင်ဖြစ်သူ တို့ ဖြစ်သည်။
ဇွန်လ ၁ ရက်နေ့၊ နံနက် ၁၁ နာရီခွဲအချိန်ခန့်က ဒေါ်ငွေရှင်သည် နေအိမ်အနီး ရေခပ်နေစဉ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ထို့နောက် သေဆုံးသူ ဒေါ်ငွေရှင်၏ မိခင်မှာ အိမ်ပေါ်မှ ဖြစ်စဉ်ကို လှမ်းမြင်ပြီးနောက် နှလုံးရပ်ကာ ထပ်မံ သေဆုံးသွားခြင်းဖြစ်သည်ဟု ရွာသား တစ်ဦး က ပြောသည်။
“သားအမိ နှစ်ယောက်သေသွားတယ်ဆိုလို့ သွားကြည့်မလို့ လုပ်နေတုန်း စစ်တပ်ရောက်နေတယ် ကြားလို့ သွားမကြည့်ရဲတော့ဘူး” ဟု အသက် ၃၅ နှစ်အရွယ် ရွာသားတစ်ဦးက ပြောသည်။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး တစ်နာရီခန့်အကြာတွင် မင်းထိန်ကျေးရွာ ဘုန်းကြီးကျောင်းသို့ စစ်ကောင်စီတပ်ဖွဲ့များ ရောက်ရှိလာခဲ့သည်ဟု ဆိုသည်။
အလားတူ မေလ ၂၆ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့ဘဲ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက် နက်ကြီးကျည် ထိမှန်ပြီး မင်းပြင်ကျေးရွာက အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး နှင့် အသက် ၃ နှစ် အရွယ် ကလေးတစ်ဦး သေဆုံးခဲ့သည်။
စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ပုလောမြို့နယ်အတွင်း စစ်တပ်နှင့် ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ အကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပေါ်နေပြီး စစ်ကောင်စီတပ်ဘက်က မကြာခဏ ကျေးရွာများထဲသို့ လက် နက်ကြီးများဖြင့် ပစ်ခတ်နေသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲအတွင်း လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်နေသည့်အပြင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် အချိန်တွင်ပင် ကျေးရွာများထဲ လက်နက်ကြီးကျည်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သဖြင့် အရပ်သား သေဆုံးမှု၊ ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် နေအိမ်အဆောက်အအုံများ ထိမှန်ပျက်စီးမှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။