လက်နက်ကြီးကြောင့် ရွာသားများ တိမ်းရှောင်နေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၄ ရက်။

စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်နေခြင်းကြောင့် ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်း ရှောင်နေကြရသည့်အပြင် နေအိမ် ၂ ဆောင်လည်း ထိမှန်ပျက်စီးခဲ့သည်။

တနင်္သာရီမြို့နယ်၊ ဆန်းသစ်ကျေးရွာ၊ ဘုရားတောင်ကုန်းပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ လယ်သစ် ကျေးရွာသို့ လက်နက်ကြီးများဖြင့် အချက်ရေ ၃၀ ထက်မနည်း ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ရွာသားများက ပြော သည်။

အသက် ၅၀ ခန့်အရွယ် ဒေသခံအမျိုးသားကြီး တစ်ဦးက “လက်နက်ကြီးကျည်ထိပြီး ပျက်စီးသွားတဲ့ အိမ်နှစ် လုံးက စစ်ရှောင်တွေရဲ့ အိမ်တွေပါ။ အဲ့ဒီမှာလူမနေတာ ကြာပြီ” ဟု ပြောသည်။

ဇွန်လ ၁ ရက်နေ့၊ နံနက် ၇ နာရီခန့်က စတင်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကာ အဆိုပါ ပစ်ခတ်ခံရမှုကြောင့် လူမနေသည့် အိမ် ၂ ဆောင် ထိခိုက်ပျက်စီးခဲ့သည်။ သို့သော် အရပ်သား ထိခိုက်သေဆုံးမှုမျိုး မရှိခဲ့ဘူးဟု ရွာသားများက ပြောသည်။

ဆန်းသစ်ကျေးရွာအတွင်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားနေခြင်းမျိုး မရှိသလို ကျေးရွာ အတွင်းတွင်လည်း PDF တပ်ဖွဲ့ဝင်များမရှိဘဲ အကြောင်းမဲ့ စစ်တပ်က ရမ်းသမ်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

စစ်တပ်၏ လက်နက်ကြီးကျည်များဖြင့် ရမ်းသမ်း ပစ်ခတ်ခံရမှုကြောင့် ဆန်းသစ်ကျေးရွာအပြင် အနီးရှိ လယ် သစ်ကျေးရွာက ဒေသခံ နှစ်ထောင်ကျော်လည်း နေအိမ်များမှ စွန့်ခွာပြီး ဘေးလွတ်ရာ တောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင် နေကြရသည်ဟု တွဲလက်ညီညီစစ်ဘေးရှောင်ကူညီရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ဆို သည်။

လတ်တလောတွင် နီးစပ်ရာ တောတောင်များအတွင်း ထွက်ပြေးနေကြရသည့် စစ်ဘေးရှောင်များအတွက်
လိုအပ်သည့် အကူအညီများ ပေးနိုင်ရေး စီစဉ်နေပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများအပြင် မိုးကြို ရာသီရောက်နေ ပြီ ဖြစ်သောကြောင့် အမိုးအကာ အကူအညီများလည်း လိုအပ်နေသေးသည်ဟု ကူညီပေးနေသူများက ပြော သည်။

မတ်လအတွင်းကလည်း ဆန်းသစ်ကျေးရွာ ဘုရားတောင် ကုန်းပေါ်တွင် စခန်းချနေသည့် စစ်ကောင်စီတပ်ကပင် လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့သဖြင့် လယ်သစ်ကျေးရွာမှ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး ဒေသခံအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။

ထိုအချိန်ကလည်း လယ်သစ်ကျေးရွာမှ ဒေသခံများ ရွာလုံးကျွတ် ရှောင်ပြေးခဲ့ရဘူးသေးသည်ဟု ဒေသခံများက ပြောသည်။

လယ်သစ်ကျေးရွာသည် တနင်္သာရီမြစ်၏ ချောင်းလက်တက် တစ်ခုတွင် တည်ရှိပြီး ရေချောင်းခြားထားလျက် အရှေ့ကမ်းနှင့် အနောက်ကမ်း ၂ခြမ်းရှိနေကာ အိမ်ခြေ စုစုပေါင်း ၁၀၀၀ ကျော်ခန့်ရှိသည်။

အဆိုပါ လယ်သစ်ကျေးရွာမှ ဒေသခံများသည် အသက်မွေးဝမ်းကျောင်းအနေဖြင့် ရေလုပ်ငန်းနှင့် ဥယျာဉ်ခြံမြေ လုပ်ငန်းကို လုပ်ကိုင်ကြခြင်း ဖြစ်သည်။