ရေတပ်ကား မိုင်းဆွဲခံရ။ စစ်ကောင်စီ စစ်သား ၂ ဦးသေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၄ ရက်။

မောရဝတီ ရေတပ်ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အဆိုပါကားပေါ်တွင် ပါလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

ကံပေါက် – ကလိန်အောင် သွား လမ်းပေါ်တွင် ကင်းလှည့်နေသည့် မောရဝတီရေတပ်ကား မိုင်းဆွဲတိုက်ခိုက်ခံရ ခြင်းဖြစ်ပြီး နှစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်း ရှိသည်ဟု ဒေသခံများက ဆိုသည်။

“ကားမောင်းသမားနဲ့ အနောက်ခန်းမှာ ထိုင်လိုက်တဲ့သူ တစ်ယောက် သေသွားတယ်။ ရေတပ်စစ်ဆေးရုံမှာပဲ ရင်ခွဲစစ်ဆေးတာ” ဟု အသက် ၄၀ ခန့်အရွယ် စစ်ဆေးရုံနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

သေဆုံးသွားသူများမှာ မောရဝတီ ရေတပ်ဌာနချုပ် အမှတ် (၄၃) အုပ်ချုပ်ရေးတပ်မှ ယာဉ်မောင်း တပ်ကြပ် ကျော်သက်နိုင် အသက် ၃၅ နှစ် နှင့် အမှတ် ၄၆ တပ်ရင်း မှ ဒုတပ်ကြပ် ဇော်လင်းထွန်း အသက် ၃၈ နှစ် တို့ ဖြစ် ကြသည်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက် – ကလိန်အောင် သွား လမ်းမပေါ်၌ မေလ ၃၁ ရက်နေ့ နံနက် ၆ နာရီ အချိန်ခန့်က ကင်းလှည့်နေစဉ် မိုင်းဆွဲ တိုက်ခိုက်ခံရခြင်းဖြစ်ပြီး အဆိုပါ စစ်ဆင်ရေးကို ကံပေါက် ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ (Kanbkuk Defense Force) မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဇွန်လ ၂ ရက်နေ့တွင် ထုတ်ပြန် ထား သည်။

အဆိုပါ စစ်ဆင်ရေးတွင် မောရဝတီရေတပ် ကားပေါ်မှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ခြင်းကြောင့် ကံပေါက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KBDF တပ်ဖွဲ့ဝင်တစ်ဦး ကျည်ရှပ်ထိဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး ဘေးကင်း ရာသို့ အောင်မြင်စွာ ခွာစစ်ဆင်နိုင်ခဲ့သည်ဟု ဖေါ်ပြထားသည်။

နှစ်နှစ်ကျော်အကြာ ခုခံစစ်ဆင်နွဲသူများကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများပြီး အင်အားလျော့ နည်း လာနေကာ စစ်မျက်နှာ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်နေရသဖြင့် ရေတပ်ကိုပင် ကုန်းပေါ်တက် ကင်းလှည့်ခိုင်းနေရ သည့် အခြေအနေမျိုး ဖြစ်နေသည်ဟု ထားဝယ်မြို့ခံ နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

ထားဝယ်မြို့ခံ နိုင်ငံရေးသမားတစ်ဦးက “ဘယ်လောက်သေတယ်မသေဘူးဆိုတာထက် ရေတပ်နဲ့ ကုန်းပေါ် တက် ကင်းလှည့်ခိုင်းနေရတာက သူတို့ရဲ့အခြေအနေမှန်ပဲ“ ဟု ပြောသည်။

မိုင်းဆွဲခံရပြီး သေဆုံးသွားသည့် မောရဝတီရေတပ်မှ စစ်သားနှစ်ဦး၏ အလောင်းများကိုမူ ဇွန်လ ၂ ရက်နေ့၊ နေ့ လည် ၁၂ နာရီခွဲ အချိန်ခန့်က အုန်းပင်ကွင်းကျေးရွာ သုဿန်တွင် တစ်နာရီစီ ခြားကာ မီးသင်္ဂြိုလ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကံပေါက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KBDF တပ်ဖွဲ့၏ တိုက်ခိုက်ခံရမှုကြောင့် မောရဝတီ ရေတပ်က စစ်ကား ထိခိုက်ပျက်စီးသွားပြီး တပ်ဖွဲ့ဝင် ဒဏ်ရာရရှိသူ ၃ ဦး ရှိခဲ့သည်။

ထိခိုက်ဒဏ်ရာ ရရှိသူများမှာ မောရဝတီ ရေတပ်ဆေးရုံ၌ ၂ ဦး ဆေးကုသမှုခံယူနေရပြီး အပြင်းအထန်ဒဏ်ရာ ရှိသူ တစ်ဦးကိုမူ ရန်ကုန်-မင်္ဂလာဒုံ စစ်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ထားရသည်ဟု တပ်တွင်း သတင်းအရင်း အမြစ်များက ပြောသည်။