စစ်ကောင်စီနှင့် နီးစပ်သည့် ကားဆရာ ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၄ ရက်။

သရက်ချောင်းမြို့နယ် ညောင်ဇင်ကျေးရွာတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားသည်ဟု ရွာသားများက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသူမှာ ညောင်ဇင်ကျေးရွာတွင် နေထိုင်သည့် ဦးခင်ဇော် အသက် ၅၅ နှစ် ဆိုသူဖြစ်ပြီး စစ်ကောင်စီသတင်းပေးဟု နာမည်ထွက်နေသူ ဖြစ်သည်ဟု ရွာသားများက ပြော။

သေဆုံးသူ ဦးခင်ဇော်သည် ယခင်က သရက်ချောင်း ခရီးသည်တင်ကား မောင်းနေပြီး စစ်အာဏာသိမ်းပြီးသည့် နောက်ပိုင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် အတူသွားလာနေထိုင်ကာ သတင်းပေး လုပ်နေသည်ဟု ရွာသားများက ပြောသည်။

ဇွန်လ ၁ ရက်နေ့၊ ညနေ ၅ နာရီအချိန်ခန့်က နေအိမ်နှင့် အနည်းငယ်ဝေးသည့် လယ်ကွင်းအစပ်ရှိ ရေတွင်းတွင် ရေချိုးရန် သွားချိန် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး နေရာတွင်ပင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

“အလောင်းကို ဘယ်သူမှ သွားမကောက်ရဲဘူး။ ကြည့်လည်း မကြည့်ရဲကြဘူး။ အပစ်ခံရတဲ့ နေရာမှာပဲ တစ်ည လုံး ပစ်ထားတာ” ဟု အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်မေလကလည်း စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း မွှေနှောက် ရှာဖွေမှုများ ပြုလုပ်ရာတွင်လည်း ဦးခင်ဇော် ပါဝင်နေသည်ကို မြင်တွေ့ရကြောင်း ဒေသခံများက ဆိုသည်။

ဦးခင်ဇော်၏ အလောင်းကို ဇွန်လ ၂ ရက်နေ့၊ နေ့လည်ပိုင်းတွင် မိသားစုဝင်များနှင့် အတူ ပစ်သတ်ခံထားရသည့် နေရာမှ သွားရောက်သယ်ယူပြီး ကျေးရွာသင်္ချိုင်းတွင်ပင် နေ့ချင်းပြီး မီးသင်္ဂြိုဟ်ပေးခဲ့ကြသည်ဟု ရွာသားများက ပြောသည်။

စစ်ကောင်စီသတင်းပေးဟု နာမည်ထွက်နေသူ ဦးခင်ဇော်အား မည်သည့်အဖွဲ့က လာရောက်ပစ်သတ်သွားသည် ကိုမူ မသိရသေးဘူးဟု ဆိုကြသည်။

သေဆုံးသူ ဦးခင်ဇော်၏ ညီအရင်းဖြစ်သည့် ကိုနိုင်ဆိုသူမှာလည်း ၂၀၂၂ ခုနစ် နိုဝင်ဘာလအတွင်းက သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းကြောင့် လက်ရှိတွင် ကိုယ်ခန္ဓာအောက်ပိုင်း သေနေသည်ဟု ဆိုသည်။