ရှမ်းမြောက်တွင် တိုက်ပွဲများ ဆက်ဖြစ်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၇ ရက်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ တပ်စခန်းနေရာအချို့ တိုက် ခိုက်ခံရပြီးနောက် နှစ်ဖက်ကြား ပစ်ခတ်မှုများ ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။
ဇွန်လ ၅ ရက်နေ့၊ နံနက်ပိုင်း ၄ နာရီအချိန်ခန့်က လားရှိုးမြို့ ရပ်ကွက် ၅ နှင့် ရပ်ကွက် ၁၂ အတွင်းရှိ စစ်ကောင်စီ တပ်စခန်းနေရာ ၂ နေရာ တပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခံရခြင်း ဖြစ်သည်
ရပ်ကွက် (၅) မှ ဒေသခံတစ်ဦးက “ဖြစ်တဲ့ဟာက ကျနော်အိမ်ရှေ့မှာ စစ်တပ်ဘက်က လာရောက် ပစ်ခတ်သွား တယ်။ လက်နက်ကြီး အလုံး ၃၀ လောက်ရှိတယ်။ ကုန်းညောင်နဲ့ မန်အိုင်နဲ့ဆို ၂ မိုင်လောက်ပဲ ဝေးမယ်။ ကိုးကန့် က ကုန်းညောင်ကနေ အယောက် ၈၀ လောက်ဆင်းလာတယ်။ မန်အိုင်ထဲမှာ ရှမ်းဘုန်းကြီးကျောင်း တစ်ကျောင်း ရှိတယ်။ အဲ့ဒီဘုန်းကြီးကျောင်းထဲမှာ စစ်တပ်တွေ အယောက်တစ်ဆယ်ကျော် လောက်ရှိတယ်။ ကိုးကန့်က အဲ့မှာ လာပစ်သွားတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်က ၎င်းတို့၏ စခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် လူနေရပ်ကွက်ထဲမှနေ၍ လက်နက်ကြီး ကျည်များဖြင့် တန်ပြန် ယမ်းသမ်း ပစ်ခတ်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဇွန်လ ၅ ရက်နေ့၊ နံနက်ပိုင်း ၄ နာရီက ဖြစ်ပွားခဲ့သည့် လားရှိုးမြို့ ရပ်ကွက်(၅) နှင့် ရပ်ကွက် (၁၂) ရှိ စစ်ကောင်စီ တပ်စခန်းနေရာ (၂) ခုကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံအချို့က ပြောဆိုနေပြီး အချို့ကမူ ကိုးကန့်တပ်မတော် MNDAA တပ်ဖွဲ့တစ်ဖွဲ့တည်းက လာရောက်တိုက်ခိုက်ခြင်း ဖြစ် သည်ဟု ပြောဆိုမှုများရှိနေသည်။
အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်၍ MNDAA နှင့် PSLF/TNLA တာဝန်ရှိသူများကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
လားရှိုး ဒေသခံတစ်ဦး၏ ပြောပြချက်အရ MNDAA တပ်ဖွဲ့ဝင်များက ရှမ်းဘုန်းကြီးကျောင်း အတွင်းရှိ စစ်ကောင် စီတပ်သားကို လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ၄ – ၅ ချက်ခန့် ပစ်ခတ်ပြီး ပြန်သွားချိန်တွင် စစ်တပ်က လက် နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ပြောသည်။
“ကိုးကန့်တပ်က လာပစ်တဲ့ဟာ တပ်တွေကို အရူးတပိုင်း ဖြစ်အောင်လုပ်တဲ့ သဘောပါ။ ဟိုဘက်လည်း လိုက်ရ မလိုလို ဒီဘက်လည်း လိုက်ရမလိုလိုနဲ့ လုပ်လိုက်တယ်။ ကိုးကန့်တပ်က ပြန်သွားတာတောင် ကြာနေပြီး စစ် တပ်က အရပ်သားအိမ် အပေါ်တွေဘက်ကနေ ကုန်းညောင်ဘက်ကို ပြန်ပစ်သွားတယ်။ တိုက်ပွဲငြိမ်တော့ တာ ဝန်ရှိသူတွေက ရောက်လာပြီး နေအိမ်ရှေ့မှာ ကိုးကန့်ကပစ်တယ် ပြောခိုင်းတယ်” ဟု ပြောသည်။
အလားတူ ရပ်ကွက် ၁၂ ဘက်တွင်လည်း နယ်မြေရဲစခန်း (၂) အနီးတဝိုက်နှင့် ကန်မိန်းဘုန်းကြီးကျောင်းအနီးတွင် ရှော့တိုက်ဒုံးအပြင် လက်နက်ငယ်များနှင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်ဟု လားရှိုးဒေသခံများက ပြောသည်။
သို့သော် ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်း တိုက်ခိုက်ခံမှု၊ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများအတွင်း ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမူနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကိုမူ မသိရသေးဘူးဟု ဒေသခံများက ပြောသည်။
ထို့အပြင် မေလ ၂၂ ရက်နေ့၊ နံနက်ပိုင်း ၁ နာရီ အချိန်ခန့်ကလည်း လားရှိုးမြို့၊ အေတီတံတားဘက်ရှိ ရှမ်းကုန်းဆို သည့် နေရာတွင် တိုင်းရင်းသားလက်နက်အဖွဲ့တစ်ဖွဲ့က ရှော့တိုက်ဒုံး ၈ လုံးဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ပြီး ၆ လုံး ပေါက်ကွဲရာမှ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့သည်။