စစ်ကောင်စီ ဒရုန်းကြောင့် အမျိုးသမီး တစ်ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၉ ရက်။
စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးသီးများ ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံများက ပြောသည်။
ဗုံးသီးများ ပေါက်ကွဲခဲ့ခြင်းကြောင့် နေအိမ်ထဲ၌ရှိနေသည့် ပုလောမြို့နယ်၊ ကျောင်းနိမ့်ကျေးရွာက ဒေသခံအမျိုး သမီး ဒေါ်ခင်စန်းဝေ အသက် ၅၀ နှစ်သည် ဦးခေါင်းတွင် ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့သည်။
အသက် ၄၀ ခန့်အရွယ် ကျောင်းနိမ့်ရွာသားတစ်ဦးက “ဒရုန်းနဲ့ ဗုံးသီးအတွဲလိုက် လာချတာဆိုတော့ ဆက်တိုက် ပေါက်ကွဲပြီး လူကိုထိသွားတာ၊ လူနာအခြေအနေက တော့ ဆေးရုံမှာဆိုတာပဲ သိရသေးတယ်” ဟု ပြောသည်။
ဦးခေါင်းတွင် ဗုံးစထိမှန်သွားသူ ဒေါ်ခင်စန်းဝေမှာ လက်ရှိတွင် ပုလောပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေရ သည် ဟု ရွာသားများက ပြောသည်။
တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ပုလောမြို့နယ် အခြေစိုက် စစ်ကောင်စီ၏ ခလရ -၂၈၅ တပ်ရင်းမှ ကျောင်းနိမ့်ကျေးရွာထဲကို ဒရုန်းဖြင့် လာရောက် ဗုံးကြဲခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။
ထို့အပြင် ပုလောမြို့နယ်၊ ကျောင်းနိမ့်ကျေးရွာကို ဇွန်လ ၅ ရက်နေ့၊ နံနက် ၇ နာရီခွဲ အချိန်ခန့်က ဗုံးသီး ၆ လုံး ကြဲချခဲ့ပြီးနောက် လက်နက်ကြီးဖြင့်ပါ ၄ ချက်ပစ်ခတ်ခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်က ယခင်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမျိုး မရှိဘဲ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခြင်း နှင့် လက် နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။
ပုလောမြို့နယ် နန်းတောင်ကျေးရွာအုပ်စုရှိ နန်းတောင်၊ ကျောင်းနိမ့်၊ မှော်မိ၊ ဂျင့်ဂါ စသည့် ကျေးရွာများတွင် နေထိုင်ကြသူ အများစုသည် ဒေသတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မကြာခဏ ထွက်ပြေးတိမ်းရှောင် နေကြရပြီး တိုက်ပွဲငြိမ်သက်သည့် အချိန်များတွင် ကျေးရွာအတွင်း ပြန်လည်နေထိုင်ကြရသည်ဟု ဒေသခံများက ပြောသည်။
အလားတူ ပုလောမြို့နယ်၊ လက္ကူးကျေးရွာအုပ်စု၊ ပြင်းဖြူရွာကမ်းစပ်တွင်လည်း ဓားဒဏ်ရာဖြင့် သေဆုံးကာ ရေမျောလာသည့် အမျိုးသားအလောင်းကို ဇွန်လ ၄ ရက်နေ့က တွေ့ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဝိုင်ယာကြိုးဖြင့် လက်ပြန်ကြိုးတုပ်ထားသည့် အလောင်းကို တွေ့ရှိချိန်တွင် ပုပ်ပွနေပြီဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် ဇွန်လ ၂ ရက်နေ့ကလည်း တနင်္သာရီမြစ်ထဲတွင် လှေဖြင့်လာသည့် အမျိုးသားနှစ်ဦးကို စစ်ကောင်စီ တပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးခဲ့ရပြီး တစ်ဦးမှာ ဒဏ်ရာများဖြင့် လွတ်မြောက် သွားခဲ့သည်။
စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် ပုလောနှင့်တနင်္သာရီမြို့နယ်များ အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီ တပ်က လက်နက်ကြီးဖြင့် မကြာခဏ အကြောင်းမဲ့ ပစ်ခတ်နေသဖြင့် အရပ်သား ထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။