မျှော်သာမျှော် ပေါ်မလာနိုင်သေး
(ရောက်မလာနိုင်သေးတဲ့ မုန်တိုင်းအကူအညီတွေ)

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၇ ရက်။

(အားမီ)

“သိပ်မကြာခင် မိုးရွာတော့မယ် ရခိုင်မှာက။ အခုထိ အကူအညီတွေက မရောက်သေးဘူး။ တစ်ခုမှလည်း မရ သေးဘူး။ ရွာက အိမ်ကောင်းဆိုလို့ ၂ အိမ် ၃ အိမ်လောက်ပဲ ကျန်တယ်” လို့ မိန့်လာသူကတော့ အထက်စည်း မောင်းရွာက အရှင်စန္ဒောဘာသ ပဲ ဖြစ်ပါတယ်။

အထက်စည်းမောင်းရွာလေးကတော့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နဲ့ ကျောက်တော်မြို့ကြားမှာ ရှိတဲ့ ရွာလေး တစ်ရွာပဲ ဖြစ်ပါတယ်။

မေလ ၁၄ ရက်နေ့က ဝင်ရောက်ခဲ့တဲ့ “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် တစ်ရွာလုံးနီးပါး ပျက်စီးသွားခဲ့ပါ တယ်။ မုန်တိုင်းတိုက်ခတ်ပြီး ရက်သတ္တပတ် ၃ ပတ်ကျော်ရှိလာတဲ့အထိ ကူညီကယ်ဆယ်ရေးတွေ မရသေးတဲ့ ရွာလေးတစ်ရွာပါ။

အရှင်စန္ဒောဘာသ က “မြောက်ဦးမြို့နယ်အဆုံးပေါ့၊ ကျောက်တော်မြို့နယ် နယ်စပ်၊ တော်တော်ခေါင်တယ်။ ခေါင်တော့ အလှူရှင်တွေက ဦးဇင်းတို့ရွာထဲကို မရောက်ဘူးလေ။ သူက အာရှလမ်းမပေါ်ပဲသွားတယ်။ ကျောက်တော်ဆိုရင် ကျောက်တော်ကိုပဲ လှူသွားတယ်။ စစ်တွေဆိုရင် စစ်တွေကိုလှူသွားတယ်။ ရသေ့တောင် ဆိုရင် ရသေ့တောင်ကို လှူသွားတယ်။ မြောက်ဦးဆို မြောက်ဦးမှာလှူးသွားတယ်။ ဦးဇင်းတိုရွာကျတော့ မြောက် ဦးမြို့နယ်အဆုံး၊ ကျောက်တော်နဲ့ အစပ်ပေါ့၊ လမ်းပန်းဆက်သွယ်ရေးကလည်း ခေါင်တော့ အလှူရှင်က မရောက်ဘူး” လို့ မိန့်ကြားပါတယ်။

အိမ်ခြေပေါင်း ၁၆၀ လောက်ရှိတဲ့ထဲက အိမ်ခြေ ၁၅၀ ကျော်ပျက်စီးသွားပါတယ်။ လူနေအိမ်တွေ၊ စပါးကျီ၊ စပါး မျိုးတွေ၊ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၊ မူလတန်းကျောင်းတွေ အားလုံးပျက်စီးသွားတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

ဒေသခံတစ်ဦးက “ကျနော်တို့ရွာက တောင်သူလယ်သမားများတယ်။ စားဆန်တွေ၊ စပါးတွေ၊ ကြဲဖို့အတွက် မျိုး စပါးတွေလည်း အကုန်ပါသွားတယ်။ ပျက်စီးသွားတယ်။ ရွာထဲက အိမ်တွေလည်း အကုန်ပါသွားတယ်။ စားနပ် ရိက္ခာတွေ၊ ကောက်မျိုးစပါးတွေ အကုန်ပါသွားတယ်။ စပါးလှောင်ထားတဲ့ ကျီတွေ အကုန်ပါသွားတယ်” လို့ ပြောပါတယ်။

မေလ ၁၄ ရက်နေ့ မိုခါဝင်ရောက်တိုက်ခတ်ပြီးချိန်ကနေ ဇွန်လ ၇ ရက်နေ့အထိ ဘာအကူအညီမှ မရသေးလို့ ရွာသားတွေ အခက်အခဲများစွာ ဖြစ်နေကြတဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေက အမြန်ဆုံးလာကူညီပေးကြဖို့ တောင်းဆိုနေကြပါတယ်။

မိုခါမုန်တိုင်း တိုက်ခတ်ခဲ့ပြီးတဲ့နောက် ဒေသအတွင်းရှိ ပရဟိတသမားတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေက တတ်နိုင်လောက် ကူနေကြပေမယ့် ဒီနေ့အချိန်ထိ နေရာစုံကို မရောက်ရှိနေကြ သေးဘူးလို့ ကူညီနေသူတွေက ဆိုပါတယ်။

မုန်တိုင်းသင့်ပြည်သူတွေကို သွားရောက်ကူညီပေးနေသူ ရခိုင်လူငယ်တစ်ယောက်က “စားနပ်ရိက္ခာက နည်း နည်းပါးပါးပဲ ရောက်တာ၊ နေအိမ်ဆောက်လုပ်ရေးပစ္စည်းတွေက တော်တော်လေး လိုနေတယ်။ မိုးတွင်း ကရောက်တော့မယ်ဆိုတော့ အခုက မိုးလည်းရွာနေတော့ မြန်မြန်ကူညီပေးဖို့လိုအပ်နေတယ်” လို့ ပြောပါ တယ်။

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း လူပေါင်း ၁၄၈ ဦး သေဆုံးခဲ့သလို လူသန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

ကျွဲ၊ နွား တိရစ္ဆာန်အမြောက်မြားလည်း သေဆုံးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတွေလည်း များပြားလွန်းလို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ဒီနေ့အချိန်အထိ စာရင်းအတိအကျ ကောက်ယူ ထုတ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။

ဒီနေ့အချိန်ထိတော့ တစ်ပြည်နယ်လုံးရဲ့ ပျက်စီးမှုကို တိကျတဲ့ အချက်အလက်တွေနဲ့ စုစည်းပြီး မထုတ်ပြန်နိုင် သေးပေမယ့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ဘက်ကတော့ မြို့နယ်အလိုက် ပျက်စီးမှု စာရင်းတွေကို ထုတ်ပြန်ပေးနေ ပါတယ်။

မိုခါ ကြောင့် ရခိုင်ပြည်နယ်လုံးနီးပါး တုန်ခါသွားခဲ့တာကြောင့် စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင် စတဲ့မြို့နယ်တွေမှာ ရာနှုန်းပြည့်နီးပါး ပျက်စီးခဲ့ရပြီး လူနဲ့ တိရစ္ဆာန်တွေ သေဆုံးမှုရှိခဲ့တဲ့အထိ ပြင်းထန်တဲ့ သဘာဝဘေးဓာဏ်ကြီးကို ခံခဲ့ရပါတယ်။

ရခိုင် စစ်ဘေးရှောင်ဒုက္ခသည်တွေကိုလည်း မိုခါ က မသနားခဲ့ပါဘူး။ “ICRC တစ်ဖွဲ့ပဲ လာပေးသေးတယ်။ အိမ် ထောင်စု နှစ်ရာကျော်အတွက် ရေဗူးတချို့ပါတယ်။ တာပေါ်လင်လည်း လာပေးသွားတယ်။ အရေးတကြီး လို နေတာက စားနပ်ရိက္ခာရယ်၊ အမိုးအကာတွေ လိုတာပါ။ ဒီက သက်ကြီးရွယ်အိုတွေရော၊ ကိုယ်ဝန်ဆောင်မိခင် တွေနဲ့ ကလေးတွေအတွက်လည်း လိုအပ်ချက်တွေများတယ်” လို့ မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင် စခန်းက ဦးကျော်မြင့်ချေက ပြောပါတယ်။

ရသေ့တောင်မြို့၊ စေတီတောင်အရှေ့ဘက် စစ်ဘေးရှောင်စခန်းမှာလည်း အိမ်ခြေ ၂၀၀ ကျော် ပြန်ဆောက်ဖို့ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ စခန်းတာဝန်ခံ ဦးစိုးဝင်းချေက ပြောပါတယ်။

“ကျနော်တို့ စခန်းက အိမ်တွေက ဆက်နေလို့မရတော့ဘူး။ ပြန်ဆောက်ရတော့မှာ။ အဲ့ဒါက နံပါတ် အရေးကြီး လိုအပ်ချက်ပါ။ အမိုးတွေ အကာတွေ လိုတယ်။ ဒီမှာက မသန်စွမ်းလည်း ၈ ယောက်ရှိတော့ သူတို့အတွက် လည်း မုန်တိုင်းမလာခင် ပြင်ဆင်ပြောင်းရွှေ့ရတာတွေ ရှိတယ်။ သက်ကြီးရွယ်အိုတွေကိုလည်း ပြောင်းရွှေ့ပေး ရတယ်။ လောလောဆယ်က ခဏနေလို့ရအောင် ဆောက်ပြီး နေနေရတယ်။ တာလပတ်(တာပေါ်လင်) အဟောင်းတွေကို ကာပြီးနေတယ်။ မိုးမရွာရင်တော့ အိပ်လို့ရတယ်။ မိုးရွာရင်တော့ ထိုင်ပြီး ဒီတိုင်းပဲ နေရပါ တယ်။”

ရသေ့တောင်အပြင် စစ်တွေ၊ ပေါက်တော မြို့နယ်ထဲမှာ ရှိတဲ့ မုန်တိုင်းသင့် မွတ်ဆလင်ဒုက္ခသည်တွေလည်း မ ကူညီကယ်ဆယ်ရေးပစ္စည်းများ မရရှိသေးတဲ့ အစစအရာရာမှာ ခက်ခဲနေကြတယ်လို့ တာဝန်ရှိသူတွေက ပြော ပါတယ်။

စစ်တွေမြို့နယ်၊ သဲချောင်း မွတ်ဆလင်ဒုက္ခသည်စခန်းက တာဝန်ရှိသူ တစ်ယောက်ကလည်း “ကျနော်တို့ စခန်း မှာတော့ ဆန်အိတ် ၁၀၀ လာပေးသွားတာတော့ရှိတယ်။ မလောက်ဘူးဖြစ်နေတယ်။ အခုက စခန်းတစ်ခုလုံးက လည်း ပျက်စီးသွားတယ်။ စားစရာလည်း ခက်ခဲတယ်။ အိမ်ပြင်ဖို့လည်း လိုအပ်ချက်တွေ အများကြီးပဲ” လို့ ပြောပါတယ်။

မိုခါ မုန်တိုင်းကြောင့် ရခိုင်က မုန်တိုင်းသင့် သာမာန်ပြည်သူတွေရော၊ မုန်တိုင်းသင့် ရခိုင်ပြည်သူတွေရော
မုန်တိုင်းအလွန်မှာ ဖြစ်သလို နေထိုင်စားသောက်နေကြရပြီး သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ အဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့မှုတွေက ဒီကနေ့အချိန်ထိ အားနည်းနေသေးတဲ့အတွက် အကူအညီတွေ ခပ်မြန်မြန်ရရှိရေး မျှော် လင့်နေကြပါတယ်။

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ထဲက အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းတွေ ဖြစ်တဲ့ စိုက်ပျိုးရေးလုပ် ငန်း၊ ရေလုပ်ငန်း၊ ငါးခြောက်လုပ်ငန်းတွေ ပျက်စီးကုန်တဲ့အပြင် သောက်သုံးရေအခက်အခဲ၊ ကျန်းမာရေး၊ ပညာ ရေးကဏ္ဍတွေပါ ထိခိုက်ကုန်တယ်လို့ ဆိုကြပါတယ်။

မိုခါမုန်တိုင်းကြောင့် ပေါက်တော၊ မြေပုံ၊ မြောက်ဦး၊ ရသေ့တောင်၊ မောင်တောစတဲ့ မြို့နယ်တွေထဲက ဆည်နဲ့ တာတမံတွေ အများအပြားပျက်စီးသွားခဲ့ပြီး မိုးမကျခင် အချိန်မီ မပြုပြင်နိုင်ပါက မိုးစပါးစိုက်ပျိုးဧက သောင်း နှင့်ချီပြီး ဆုံးရှုံးသွားနိုင်တယ်လို့လည်း ဒေသခံလယ်သမားတွေက ပြောပါတယ်။

အလားတူ ပြည်နယ်ထဲ့ ဆက်သွယ်ရေးအော်ပရေတာ မိုဘိုင်းစခန်း ၁၂၀၀ ကျော်အနက် ၉၀၀ ကျော်ပျက်စီးသွား ခဲ့တယ်လို့လည်း မေလ ၂၈ ရက်နေ့ထုတ် စစ်ကောင်စီပိုင် သတင်းစာတွေမှာ ထုတ်ပြန်ထားပါတယ်။

မုန်တိုင်းသင့်ပြည်သူတွေမှာ လိုအပ်ချက်များစွာ ရှိနေသေးတာကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေကို လွတ်လပ်စွာ ကူညီခွင့်ပေးဖို့ ရခိုင်အရပ်ဖက်အဖွဲ့အစည်းများ (ACSO)က မေလ ၂၉ ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုထားပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တွေမြို့က မုန်တိုင်းသင့် ပြည်သူတွေကို ကူညီပေးနေသူ တစ်ဦးက “အခု ခေတ်ကာလအချိန်အရပေါ့နော် ကျနော်တို့ ဘာလုပ်လုပ် အရမ်းသတိထားပြီး လုပ်ရတယ်။ အရမ်း ဆင်ခြင်ပြီးသွားလာရတယ်။ ဂိတ်တွေလည်းများတယ်။ ကျနော်တို့က ဆန်၊ ဆီ၊ ဆား၊ အမိုးအကာတွေပါ တော့ သူတို့က အချိန်မရွေးဖမ်းဆီးစစ်ဆေးတယ်။ ခေါ်စစ်တယ်။ အဲ့လိုမျိုးပေါ့နော်။ စစ်တပ်ရဲ့ သဘော သဘာဝက လုံခြုံရေးကို စဉ်းစားတယ်။ အခု ကျနော်တို့က ယူလာတဲ့ ရိက္ခာတွေက ဘယ်သူတွေဆီ ရောက် မှာလဲ၊ ဒါက လက်နက်ကိုင်ဆီရောက်မှာလား၊ သံသယစိတ်နဲ့ကြည့်နေတယ်။ ကျနော်တို့ အရမ်းခက်ခဲတယ် လူထုကို ကူညီရတာ” လို့ပြောပါတယ်။

မုန်တိုင်းသင့်ဒေသတွေထဲ ကူညီထောက်ပံ့ရေး ခရီးသွားလာချိန် စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးမှုတွေနဲ့ ခွင့်မပြုတာတွေကြောင့် ကူညီထောက်ပံ့ရေးပစ္စည်းတွေ အချိန်နှင့်တပြေးညီ ရောက်ရှိရေး ကြန့်ကြာမှုတွေ ရှိနေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

ကူညီမှုတွေ အချိန်နဲ့တပြေးညီမရောက်တာနဲ့ အမျှ မုန်တိုင်းသင့်ပြည်သူတွေဟာ စိတ်ဓါတ်ကျပြီး မိမိကိုယ် ကိုအဆုံးစီရင်မှုတွေတောင် ရှိလာတယ်လို့ ဆိုပါတယ်။

ကျောက်တော်မြို့နယ်၊ ပုံစားကျေးရွာက အသက် ၄၀ အရွယ် အမျိုးသမီးတစ်ယောက်ဟာ မိုခါမုန်တိုင်း ဒဏ် ကြောင့် အိမ်ပြိုပျက်သွားပြီးနောက် ကြိုးဆွဲချကာ မိမိကိုယ်ကိုမိမိ အဆုံးစီရင်သွားခဲ့တယ်လို့ ဒေသ အခြေ စိုက် သတင်းဌာနတွေက ဖော်ပြကြပါတယ်။

စစ်ကောင်စီက စားနပ်ရိက္ခာတချို့နဲ့ သွပ်ပြားတွေ အမိုးအကာတွေ ပေးတာရှိလာပေမယ့် တချို့နေရာတွေ မှာ အဲ့ဒီထောက်ပံ့မှုတွေရရှိဖို့ မုန်းတိုင်းသင့်ပြည်သူတွေက ပိုက်ဆံပေးရတာမျိုးတွေ ရှိနေပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင်‌ကျေးရွာမှာ လေဘေးသင့်သူတွေကို ဆန်နဲ့ တခြားထောက်ပံ့မှုတွေ ပေးဝေချိန် သက်ဆိုင်ရာကို ငွေပေးပြီးမှ ထုတ်ရတယ်လို့ ဆိုပါတယ်။

ကူညီပေးနေသူတစ်ယောက် “အဲ့ဒါတကယ်ဟုတ်ပါတယ်ဗျ။ အဓိက က ဆန်ထုတ်ပေးတာပါ၊ ဆန်ထုတ်ဖို့ တစ်ယောက်ကို ၅၀၀ စီ ပေးရတာဗျ၊ ဒေသခံတွေရဲ့ အပြောအရတော့ လမ်းစရိတ်ပေးရတာလို့တော့ ပြော တယ်။ ဆန် ၁၂ ဗူးကို ကျပ် ၅၀၀ ပေးရတယ်။ နောက်ပြီး အိမ်အမိုးသွပ်ကိုတော့ တချက်ကို ၅၀၀၀ လား မသိဘူးပေးရတယ်ပေါ့ဗျာ။ ပြည်သူက ဘယ်တတ်နိုင်မလဲ ဘာမှကို မရှိတော့တာလေဗျာ” လို့ ပြောပါ တယ်။

ဒါ့အပြင် ရခိုင်ပြည် မောင်တောမြို့မှာ လေဘေးသင့်ပြည်သူတွေကို ထောက်ပံ့ပေးတဲ့ ကယ်ဆယ်ရေး ငါး သေတ္တာဗူးတွေကို စစ်ကောင်စီ နယ်ခြားစောင့်တပ်က အပြင်ဆိုင်တွေမှာ ရောင်းချနေတယ်လို့ ဒေသခံ မျက်မြင် တွေက ပြောဆိုခဲ့ကြောင်း ရခိုင်သတင်းဌာနတစ်ခုဖြစ်တဲ့ နိရဉ္စရာမှာ ရေးသားဖော်ပြထားပါတယ်။

ဇွန်လ ၄ ရက်နေ့က မောင်တောမြို့ အမှတ် (၄) ရပ်ကွက်က ဆိုင်တစ်ဆိုင်မှာ အရပ်ဝတ်နဲ့ နယ်ခြားစောင့် တပ်ဖွဲ့ ဝင်တွေက ရဲကားတစ်စီးနဲ့တင်လာတဲ့ ငါးသေတ္တာဗူးတွေကို လာရောက် ရောင်းချခဲ့တာဖြစ်တယ်လို့ မောင်တော မြို့ခံ မျက်မြင်တစ်ယောက်က နိရဉ္စရာ ကို ပြောဆိုထားပါတယ်။

ပြည်သူတွေ ဒုက္ခရောက်နေတဲ့အချိန်မှာ အစိုးရတာဝန်ရှိသူတွေ ကိုယ်တိုင် အခုလိုလုပ်နေတာက အလွန် အောက် တန်းကျတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးအောင် သောင်းရွှေက ပြောပါတယ်။

မြို့တော် စစ်တွေမှာတော့ ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်းကောက်ယူစဉ် အကြောင်းအမျိုးမျိုး ကြောင့် မပေးလိုက်ရတဲ့ မုန်တိုင်းသင့်ပြည်သူတွေဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ တဆင့် ထောက်ပံ့ပေးတဲ့ ကူညီ ထောက်ပံ့ရေး ပစ္စည်းတွေ မရကြဘူးလို့ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဩဇာကြီးမားတဲ့ ရက္ခိုင့်တပ်တော်ဟာ “မိုခါ” မုန်တိုင်းအပြီးမှာတော့ မုန်တိုင်းဒဏ်သင့် အာရက္ခ အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ (ERRCA) ကို ဖွဲ့စည်းခဲ့ပြီး ရက္ခိုင့် တပ်တော် ဒုတိယ စစ်ဦးစီးချုပ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မုန်တိုင်းပြီး နောက်တစ်နေ့မှာ စစ်တွေမြို့ကို ရောက်ရှိခဲ့ပြီး အရေးပေါ်ကူညီကယ်ဆယ်နိုင်ရေးအတွက် ကျပ်ငွေသိန်းပေါင်း ခုနှစ်သောင်းပေးအပ်ခဲ့ကြောင်းနဲ့ မေလ (၁၈) ရက်နေ့မှာ ပြည်နယ်တဝှမ်းရှိ မုန်တိုင်းသင့် မြို့နယ် (၁၄) မြို့နယ်မှာ ပြန်လည်ထူထောင်ရေး လုပ်ငန်း တွေ ဆောင်ရွက်ဖို့အတွက် ဒုတိယဗိုလ်ချုပ်၊ ဗိုလ်ချုပ်အဆင့်တွေကို တစ်မြို့နယ်မှာ တစ်ဦးစီ တာဝန်ပေးအပ်ခဲ့ တယ်လို့ ပြည်တွင်းသတင်းတပုဒ်က ဆိုပါတယ်။

ဒီနေရာမှာ ထူးခြားတာကတော့ ရက္ခိုင့်တပ်တော် AA က လုပ်တဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ လူထုက ပူးပေါင်းပါဝင်နေပေမယ့် စစ်ကောင်စီက လုပ်တဲ့ လုပ်ငန်းတွေမှာတော့ လူထုရဲ့ ပူးပေါင်းပါဝင်မှုက အားနည်းနေ တယ်လို့ ကယ်ဆယ်ရေး လုပ်နေသူတွေက ဆိုပါတယ်။ စစ်ကောင်စီက ဟန်ပြသဘောမျိုးသာ လုပ်နေလို့ လူထုကလည်း ပူးပေါင်းပါဝင်ခြင်း မရှိတာလို့ ဆိုကြပါတယ်။

လူထုရဲ့ ပူးပေါင်းပါဝင်နဲ့ မယောင်ရာဆီလူးတာမျိုး ဟန်ပြသဘောလုပ်တာမျိုးမဟုတ်ဘဲ လူထုကို ထိရောက်တဲ့ ကူညီမှုတွေ ပေးချင်ရင် စစ်ကောင်စီအနေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေအပြင် ပြည်တွင်းက အဖွဲ့အစည်းတွေ ကို လွတ်လွတ်လပ်လပ် ကူညီခွင့်တွေ ပေးဖို့ လိုအပ်ပါတယ်။ ကန့်သတ်ချက်တွေကို ပယ်ဖျက်ပြီး မြို့ပြရော ကျေးလက်ကိုပါ မကျန် ကူညီမှုတွေ ပေးရမယ်လို့ ဆိုကြပါတယ်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းကို စနစ်တကျ လုပ်ဆောင်ရမှာဖြစ်သလို တိကျတဲ့ စစ်တမ်းကောက်ယူမှုတွေကို လုပ်ဆောင်ပြီး ပြန်လည်ထူထောင်ရေးကိစ္စရပ်တွေအတွက် မူဝါဒတွေကို ချမှတ်ရမှာဖြစ်တယ်လို့ ကူညီပေး နေသူတွေက ပြောပါတယ်။

နိုင်ငံတကာရဲ့ ကူညီပံ့ပိုးမှုတွေမပါဘဲ မုန်တိုင်းသင့် ရခိုင်ပြည်ကြီး ပြန်လည်ထူထောင်လာဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။

ရခိုင်ပြည်နယ်လို့ အစိုးရနှစ်ရပ်ဖြစ်နေတဲ့ ဒေသမှာ တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံရေးအရဖြစ်ဖြစ်၊ စစ်ရေးအရ ဖြစ်ဖြစ်၊ ငြင်းခုံကြရမယ့် ကာလမဟုတ်ဘူးဆိုတာကိုတော့ အားလုံးနားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။

အမှန်တကယ် အခက်ကြုံနေကြရတဲ့ ရခိုင်ပြည်သူတွေရဲ့ အခက်အခဲကိုသာ စာနာနားလည်ပြီး ကူညီကယ်ဆယ် ရေး လုပ်ငန်းတွေကို လုပ်ဆောင်ရမှာဖြစ်သလို စစ်ကောင်စီအနေနဲ့ ခေတ်အဆက်ဆက်က ကျင့်သုံးခဲ့တဲ့ မူဝါဒ အမှားတွေကို ပယ်ဖျက်ပြီး ပြည်သူနဲ့ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်နေပြီလို့ ဒေသတွင်းရှိ အရပ်ဘက်အဖွဲ့အစည်း တွေက ထောက်ပြပြောဆိုနေကြပါတယ်ရှင်။