လက်နက်ကြီး ကျည်ကြောင့် ဒေသခံ တစ်ဦး သေ၊ တစ်ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၉ ရက်။

တနင်္သာရီတိုင်း ပုလောမြို့နယ် အခြေစိုက် စစ်ကောင်စီ၏ ခလရ ၂၈၅ တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ တစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာများ ရရှိကာ ဆေးကုသမှု ခံယူနေရသည်ဟု ရွာသားများက ပြောသည်။

ဇွန်လ ၇ ရက်နေ့၊ ညနေ ၅ နာရီခန့်က မင်းထိန်ကျေးရွာအတွင်းနှင့် ရွာအပြင် လယ်ကွင်းများအတွင်းသို့ စစ်တပ် က ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးဖိုးချောင်း အသက် ၅၀ နှစ် နှင့် ဒေါ်စီစီ အသက် ၄၀ နှစ် တို့ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ခြင်း ဖြစ်သည်။

လက်နက်ကြီးထိမှန်သွားသူ နှစ်ဦးစလုံးကို အရေးပေါ်လူနာတင်ကားဖြင့် ဆေးရုံသို့ ပို့ဆောင်ချိန် ဆေးရုံအရောက် တွင် ဦးဖိုးချောင်း သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ဒေါ်စီစီက ဆေးကုသမှု ခံယူနေရခြင်းဖြစ်သည်။

အသက် ၄၀ခန့်အရွယ် မင်းထိန် ရွာသားတစ်ဦးက “ရွာထဲကျလာတဲ့ တလုံးမှာထိသွားတာ၊ သူတို့ ၂ ယောက်က ဒဏ်ရာပြင်းထန်ခဲ့တာ၊ ကျန်တဲ့သူတချို့ထိတာရှိပေမဲ့ ပွန်းပဲ့ရုံလောက်ပဲရှိတာ မစိုးရိမ်ရဘူး” ဟု ပြောသည်။

ယခုလက်နက်ကြီးပစ်ခတ်မှုသည့် တိုက်ပွဲမရှိဘဲ မင်းထိန်ရွာဘက်သို့ ဒုတိယအကြိမ် အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

စစ်အာဏာသိမ်းပြီးကတည်းက ပုလောမြို့အနီးရှိ မင်းထိန်ကျေးရွာသည် နှစ်ဘက်တိုက်ပွဲများ လုံးဝ မဖြစ်ပွားဘူး သေးသည့် ကျေးရွာတရွာ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ယခုအကြိမ်သည် ပထမဆုံးအကြိမ် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်ပြီး လက်ရှိတွင် ကလေးငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးအိုများသည် ဘေးလွတ်ရာကို ထွက်ပြေးသွားကြသဖြင့် ကျေးရွာအတွင်း နေထိုင်သူ အနည်းစုသာ ကျန်ခဲ့သည်ဟု ဆိုသည်။

ဇွန်လ ၁ ရက်နေ့၊ နေ့လည်ပိုင်းအချိန်ကလည်း ပဝတ်ကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က မင်းထိန်ကျေးရွာအတွင်းသို့ အကြောင်းမဲ့ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် လေးလုံး ကျရောက် ပေါက်ကွဲ ခဲ့သည်။

ထိုလက်နက်ကြီးကျရောက် ပေါက်ကွဲမှုအတွင်း နေအိမ်တစ်အိမ်အနီး ရေခပ်နေသည့် အသက် ၅၀ ခန့်အရွယ် အမျိုးသမီး ကျည်စထိမှန် သေဆုံးခဲ့သည်ကို မြင်တွေ့လိုက်ရသော အသက် ၉၅ နှစ်အရွယ် မိခင် ဖြစ်သူမှာလည်း နှလုံးရပ် ကာ သေဆုံးသွားခဲ့သည်။

ထို့အပြင် မေလ ၂၆ ရက်နေ့က တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး မင်းပြင်ကျေးရွာက အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး နှင့် ၃နှစ်အရွယ် ကလေးတစ်ဦး သေ ဆုံးခဲ့သေးသည်။

ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာ အနီးနားဝန်းကျင်ရှိ ပဝတ်ကုန်း၊ ပဝတ်ဖျား၊ မကျည်းကုန်း၊ သင်္ကန်းတော၊ ကဒဲ စသည့် ကျေးရွာများတွင် နေထိုင်ကြသူ ရွာသားအများစုသည် တိုက်ပွဲများကြောင့် မကြာခဏ ထွက်ပြေး တိမ်း ရှောင်နေကြရပြီး တိုက်ပွဲငြိမ်သက်သည့် အချိန်များတွင် ရွာအတွင်း ပြန်လည်နေထိုင်ကြရသည်များ ရှိသည်ဟု ဒေသခံများက ပြောသည်။

စစ်အုပ်ချုပ်ရေးကြေညာထားသည့် ပုလောမြို့နယ်အတွင်း မကြာခဏ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပေါ်နေပြီး စစ်ကောင်စီတပ်ဘက်က မကြာခဏ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျည်ထိမှန်ကာ အရပ်သားထိခိုက်သေဆုံးမှုများ တဖြည်းဖြည်း မြင့်တက်လျက်ရှိနေသည်။