ငလျင်ကြောင့် မအူပင် တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနား ရွှေ့ဆိုင်း

သတင်းနှင့် မီဒီယာ ကွန်ရက်၊။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၉ ရက်။

မအူပင်မြို့တွင် ငလျင် လှုပ်ခတ်မှု ဖြစ်ပွားပြီးနောက် မအူပင် တက္ကသိုလ်အတွင်းရှိ ကျောင်းဆောင်အချို့နှင့် ဘွဲ့ နှင်းသဘင် ခန်းမ အက်ကွဲပြိုကျပျက်စီးမှုပြီးရှိခဲ့ရာ ဘွဲ့နှင်းသဘင်အခမ်းအနားနှင့် စာမေးပွဲတို့ကို ရက် အကန့်အသတ် ရွှေ့ဆိုင်း လိုက်သည် ဟု တာဝန်ရှိသူများက ပြောသည်။

ဇွန်လ ဒုတိယပတ်ထဲတွင် ကျင်းပရန်ရှိနေသည့် မအူပင်တက္ကသိုလ်တွင် ကျင်းပမည့် အဝေးသင် ကျောင်း သူ/သားများ၏ ဘွဲ့နှင်းသဘင် အခမ်းအနားကိုလည်း ရက်ရွှေ့ဆိုင်းလိုက်ရသည်ဟု ပြောသည်။

မအူပင်တက္ကသိုလ် နယ်မြေဌာန တာဝန်ရှိသူတစ်ဦးက “ငလျင်လှုပ်လို့ ဘွဲ့နှင်းသဘင်ခန်းမနဲ့ ကျောင်းဆောင် တချို့ ကွဲအက်သွားတာ ထိခိုက် ပျက်စီးပြိုကျတာ ရှိတာကြောင့် လူကို အန္တရာယ် ထပ်မဖြစ်ဖို့ ရွှေ့ဆိုင်းတာပါ” ဟု ပြောသည်။

ဇွန်လ ၉ ရက်နေ့၊ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တို့တွင် ကျင်းပရန် စီစဉ်ထားသော မအူပင်တက္ကသိုလ် အဝေးသင် သင် ကျောင်းသူ/သားများ၏ ဘွဲ့နှင်းသဘင် အခမ်းအနားကို ရက်ရွေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။

ထို့အပြင် ဇွန်လ ၈ ရက်နေ့ မှ ၁၅ ရက်နေ့ အထိ ဖြေဆိုရမည့် ၂၀၂၂ – ၂၃ ပညာသင်နှစ် ပထမနှစ် (၂၀၂၀ အောင်) နေ့ သင်တန်း ကျရှုံးသူများအတွက် နောက်ဆက်တွဲ စာမေးပွဲကိုလည်း ရက်ရွေ့ဆိုင်းလိုက်သည်ဟု တာဝန်ရှိသူ များက ပြောသည်။

တက္ကသိုလ် အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူ တစ်ဦးက “ပျက်စီးသွားတာက ထိခိုက်နက်နဲမှု ဘယ်လောက်ရှိ တယ်။ အန္တရယ် အချိန်မရွေး ဖြစ်နိုင်သလားဆိုတာ ကျွမ်းကျင်သူတွေနဲ့ ဘွဲ့နှင်းသဘင်နဲ့ အဆောက်အအုံတွေကို စစ်ဆေးပြီးမှ ပြောပြလို့ရမယ်” ဟု ပြောသည်။

ပြင်းအားရစ်ချ်တာ စကေး ၄ ဒဿမ ၈ ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်သည် ဇွန်လ ၇ ရက်နေ့၊ ညနေ မြန်မာစံတော်ချိန် ၄ နာရီ ၂၃ မိနစ်၊ ၅၁ စက္ကန့် အချိန်မှာ ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက် – အနောက် မြောက်ဘက် ၃၃ မိုင်ခန့်အကွာ၊ ဧရာဝတီတိုင်း ညောင်တုန်းမြို့၏ တောင် – အရှေ့ တောင်ဘက် ၅ မိုင်ခန့် အကွာ ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည် မိုးဇလဌာနက ထုတ်ပြန်သည်။

ငလျင်လှုပ်ခတ်မှုသည် ညောင်တုန်းမြို့အနီးက မအူပင်မြို့မှာလည်း လှုပ်ခတ်ခဲ့ပြီး ထိုမြို့ရှိ ရွှေဘုန်းမြင့် စေတီ တော်ကြီး၏ ထီးတော်ကျိုးကျ ယိုင်လဲသွားပြီး ပေါ်တော်မူဘုရား၊ မအူပင် တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမနှင့် မအူပင် တရားရုံးတို့မှာ အမိုးများ ပြိုကျခြင်း၊ မုခ်ဦးပြိုကျခြင်း နှင့် နံရံများကွဲအက်မှုတို့ ဖြစ်ပေါ်ခဲ့သည်ဟု ဒေသ ခံ လူမှုကယ်ဆယ်ရေး အဖွဲ့ အချို့က ပြောသည်။

မအူပင်မြို့ရှိ ကွန်ကရစ်လမ်းအချို့အပြင် မြေကြီးများ ကွဲအက်ခဲ့ပြီး မိုးကုတ်ကျောင်း ဝိပသနာ ကျောင်းဆောင် အမိုး ပြိုကျမှုကြောင့်လည်း သီလရှင် ဆရာလေးတစ်ပါး နှင့်ယောဂီ အမျိုးသမီး ၁ ဦး သေဆုံးခဲ့သည်ဟု ဒေသခံ များက ပြောသည်။

အသက် ၆၀ ခန့်အရွယ် အမျိုးသားတစ်ဦး က “ညသန်းခေါင်လောက်ကလည်း ငလျင်လှုပ်တယ်။ ပထမတော့ ဖြည်းဖြည်းလှုပ်တာ အားလုံး လှုပ်တာက ၅ကြိမ်။ ညနေပိုင်း ၂ ကြိမ်က အတော်ပြင်းတယ်။ တိုက်တွေတောင် ပြို တဲ့ အထိဖြစ်ရတယ်” ဟု ပြောသည်။

ငလျင်လှုပ်နေစဥ် ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့ များ ရောက်ရှိ ကူညီခဲ့ကြသော်လည်း မအူပင်မြို့ အုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူများက ဇွန်လ ၈ရက်နေ့ နံနက်ပိုင်းမှသာ ရောက်လာကြသည်ဟု မြို့ခံအချို့က ပြောသည်။

မအူပင်မြို့ရှိ ရွှေဘုန်းမြင့် စေတီတော်၏ ထီးတော်ကွေးညွှတ်ခဲ့ပြီး တရားရုံး နှင့် မြို့မဈေးအနီးက တိုက်များ ပြို ကျခဲ့ပြီး လူများသေဆုံးမှုရှိခြင်းခဲ့ကြောင့် နှစ်ပေါင်း ၆၀ အတွင်း ဧရာဝတီတိုင်းတွင်း၌ လှုပ်ခတ်ခဲ့သော ငလျင် များတွင် မအူပင်မြို့ ငလျင်က ပျက်စီးဆုံးရှုံးမှု အများဆုံး ဖြစ်သည်ဟု လူမှုကယ်ဆယ်ရေး နှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာန၏ စာရင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။