ရွှေအလွန်အကျွံ တူးဖော်မှုကြောင့် တနိုင်း ဒေသခံ မြေများ ပျက်စီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅ ရက်။

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့အတွင်းရှိ ဒေသခံများ အားကိုးအားထားရသော နေရာများတွင် တရုတ်လုပ်ငန်းရှင်များက ရွှေအလွန်အကျွံ တူးဖော်နေမှုကြောင့် ဒေသခံများ၏ မြေဧက အများအပြား ပျက်စီး ကုန်သည့်အပြင် တောနေ တိရိစ္ဆာန်များအတွက် စားကျက်မြေနေရာများလည်း အခက်တွေ့လာနေသည်။

တရုတ်လုပ်ငန်းရှင်များ ဝင်ရောက်လုပ်ကိုင်နေသော နေရာသည် လူသူမရောက်သေးသော တောနယ်မြေဖြစ်ပြီး ဒေသခံရွာသားများ၏ အဓိက ဝမ်းစာအတွက် ရှာဖွေ လုပ်ကိုင် စားသောက်ရသည့်နေရာများနှင့် မြစ်ချောင်းနေရာ များ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သရုန်ကျေးရွာခံ အမျိုးသမီးတစ်ဦးက “ဒေသခံတွေအတွက်ကတော့ လုပ်ကိုင်စားသောက်ရမယ့် စားကျက်နယ် မြေတွင် ကျဉ်းသွားတာပေါ့။ ရွှေလုပ် ကွက် နေရာတွေကိုတော့လည်း လုပ်ငန်းရှင်တွေက သူတို့နေရာ သူတို့ အပိုင်ဆိုပြီး လုပ်ကိုင်နေကြတယ် ဆိုတော့ နဂိုက အသက်မွေးဝမ်းကြောင်း ဖြစ်တဲ့ မူလ အရင်းအမြစ်ဖြစ်တဲ့ ငါးရှာတယ်၊ တောကောင် တောရိုင်း တိရိစ္ဆာန်တွေ ရှာတာတို့၊ ပြီးတော့ ဆေးမြစ် သဘာ၀တိုင်းရင်းဆေးအမြစ် တို့ ဘာတို့ ရှာတဲ့လုပ်ငန်းတွေက သူတို့အတွက်က အခွင့်အလှမ်းတွေ ပိတ်သွားတော့တာပေါ့။ ဝမ်းရှာအတွက် လုပ်ကိုင် စားသောက်မဲ့ အလုပ်အကိုင် အခွင့်အလမ်း တွေ နည်းပါးသွားတာပေါ့” ဟု ပြောသည်။

လက်ရှိ ရွှေအလွန်အကျွံ တူးဖော်နေသော ဆပ်ဆိုင်ချောင်း(sapsai hka)၊ ရှိန်နှိပ်ချောင်း (shingnip Hka) နှင့် အင်ဖော်ချောင်း (Nhpraw Hka) တို့သည် သရုန်ချောင်း (Tarung Hka)၌ မြစ်ဆုံပြီး ရွာသားများက ၎င်းမြစ်ချောင်း များထဲတွင် ငါး၊ ဖား၊ လိပ် ရှာခြင်းတို့နှင့် အသက်မွေးဝမ်းကြောင်း လုပ်ကိုင် စားသောက်နေကြခြင်း ဖြစ်သည်။

သို့သော် ယခုကဲ့သို့ ရွှေတူးဖော်နေများမှုကြောင့် တောနေ၊ ရေနေ တိရိစ္ဆာန်များ၏ စားကျက်နယ်မြေ ပျက်စီးကာ လုပ်ကိုင်စားသောက်ရေး အခက်တွေ့လာကြခြင်း ဖြစ်သည်။

ရှင်ဖွေယန်မြို့နယ် အတွင်းရှိ ဒေသခံအများစု၏ အခြေခံ စားဝတ်နေရေးသည် တောတောင်ရေမြေထဲ၌ ငါးရှာ၊ ဖားရှာ၊ မျှစ်ရှာ၊ ဆေးမြစ်ရှာခြင်းနှင့် တောင်ယာခုတ် လုပ်ငန်းများဖြစ်ရာ အဆိုပါ မြေနေရာများပေါ်တွင် ရွှေတူးဖော်ရေး လုပ်ငန်းများဝင်ရောက်လာခြင်းကြောင့် ဒေသခံများ အခက်တွေ့လာကြခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “သူတို့အတွက်က အဓိက စီးပွားရေးက ဒီတစ်ခုပဲ။ သူတို့ဦးတည်ထားတာ ဒီတစ်ခုပဲ အခြေခံ ထားတာလေ။ ဆိုတော့ တခြားလည်း သူတို့ဆီမှာက အသက်မွေးဝမ်းကြောင်း အတတ်ပညာတွေ မရှိတဲ့အခါ ကျတော့ နဂို လုပ်တတ်တဲ့ အလုပ်တွေကိုပဲ လုပ်စား ကိုင်စားလာတဲ့အခါ စားကျက်နယ်မြေ မရှိတဲ့အတွက် ကြောင့် လုပ်ငန်းက မရှိတော့ဘူး။ အဲ့တော့ သူများရဲ့ နေ့စားအလုပ်တွေ လုပ်ကိုင်ရတယ်။ သူများခိုင်းတဲ့အလုပ်၊ သူများ ဆီမှာ အလုပ်သမားဝင်လုပ်ရတဲ့ အခြေအနေ ရောက်သွားတာပေါ့” ဟု ပြောသည်။

တရုတ်လုပ်ငန်းရှင်များ အဓိက ဝင်ရောက်လုပ်ကိုင်နေသော နေရာသည် ရှင်ဗွေယန်မြို့၏ သရုန်ကျေးရွာပိုင်နက် နယ်မြေဖြစ်ပြီး ရွှေတူးဖော် လုပ်ကိုင်လာသောကြောင့် ပျက်စီးဆုံးရှုံးခဲ့သော နယ်မြေမှာလည်း ခန့်မှန်း ဧက (၄၀၀) ထက်မနည်း ရှိနေနိုင်သည်ဟု ဆိုသည်။

ရွှေတူးဖော်မှုလုပ်ငန်းကို စက်ယန္တယားကြီးများနှင့် ၂၀၂၀ ခုနှစ်မှ စတင်ကာ စမ်းသပ် တူးဖော်လာကြပြီး ပိုမို တွင် ကျယ်စွာ လုပ်ကိုင်လာသည်မှာ ၂၀၂၁ ခုနှစ်မှ ယနေ့အချိန်ထိ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ရွှေတူးဖော်မှု စီမံကိန်းကြီး စတင်ဝင်ရောက်လာချိန်တွင် ဒေသခံများနှင့် ရပ်မိရပ်ဖများ စုပေါင်းကာ သရုန်ချောင်း အား စီးဝင်သော ဆပ်ဆိုင်ချောင်း (sapsai hka)၊ ရှိန်နှိပ်ချောင်း (shingnip Hka) နှင့် အင်ဖော်ချောင်း (Nhpraw Hka) တို့၏ မြစ်ဖျားပိုင်း၌ တရုတ်လုပ်ငန်းရှင်များ စက်ယန္တယားကြီးများနှင့် ဝင်ရောက် တူးဖော်လာသည်ကို တား မြစ်ပေးရန်နှင့် နောက်ထပ် လုပ်ငန်းရှင်များ ထပ်မံ မဝင်လာနိုင်အောင် တားမြစ်ပေးရေး အကြိမ်ကြိမ်ပြောဆို ကန့်ကွက်ခဲ့ကြသော်လည်း အရာမရောက်ခဲ့ဘူးဟု ဆိုကြသည်။