တောထဲ အစာရှာသွားသော ရွာသားနှစ်ဦး မိုင်းနင်းမိပြီး တစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆ ရက်။

တောတောင်ထဲတွင် သစ်ချသီးစေ့ ကောက်ယူရန်သွားသည့် ပလမြို့ခံ အမျိုးသားနှစ်ဦး မိုင်းနင်းမိပြီး တစ်ဦး သေဆုံးခဲ့ကာ၊ တစ်ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပုလောမြို့နယ်၊ ပလမြို့အနီး၊ မင်းပြင်ကျေးရွာရှိ ကိုးပင်တောင်တွင် သစ်ချသီးစေ့ (ဒေသအခေါ် သစ်တစေ့) ကောက်ရန်သွားသူ ၂ဦး ဇွန်လ ၁၄ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီခွဲခန့်က မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်။

မိုင်းနင်းမိသူ နှစ်ဦးမှာ ပလမြို့ အမှတ် ၃ ရပ်ကွက်တွင် နေထိုင်သည့် ကိုအောင်ဇော်လတ် အသက် ၂၆ နှစ် နှင့် ဦးဖိုးလူ အသက် ၄၆ နှစ်တို့ ဖြစ်ကြပြီး မိုင်းပေါက်ကွဲမှုကြောင့် ကိုအောင်ဇော်လတ်ဆိုသူမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

“မိုင်းကို နင်းမိတာက ဦးဖိုးလူပါ၊ သူကနင်းမိတာနဲ့ ခုန်ပြီး ရှောင်လိုက်တာကြောင့် ဒဏ်ရာလောက်ပဲ ရသွား တယ်။ အနောက်မှာ ကပ်လိုက်နေတဲ့ ကောင်လေးက ကံဆိုးတော့ ပွဲချင်းပြီးသေသွားတာ” လို့ ဒဏ်ရာရသူနှင့် ဆွေမျိုးတော်စပ်သူ အသက် ၅၀ ခန့်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

မြေမြုပ်မိုင်း ပေါက်ကွဲရာတွင် အသက်မသေပဲ ကျန်ခဲ့သူ ဦးဖိုးလူတွင်လည်း မျက်စိ နှစ်လုံးစလုံး အမြင်အာရုံ ဆုံးရှုံးရမည့် အနေအထားရှိနေပြီး ခန္ဓာကိုယ် နေရာအနှံ့ မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ခြင်းကြောင့် အရေးပေါ် ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံများက ပြောသည်။

သေဆုံးသူ ကိုအောင်ဇော်လတ် အလောင်းကို ပလမြို့နေအိမ်တွင် ထားရှိပြီး စစ်ကောင်စီတပ်က လာရောက် စစ်ဆေးမေးမြန်းခဲ့သည်ဟု မိသားစုဝင်များက ဆိုသည်။

ဇွန်လ ၁၀ ရက်နေ့က မိုင်းနင်းမိခဲ့သည့် ကိုးပင်တောင် အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုး ရောက်ရှိလာခဲ့သေးသည် ဟု ဒေသခံများက ပြောသည်။

ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအနေဖြင့် ကိုးပင်တောင် အနီးတဝိုက်သို့ သွားလာလေ့မရှိဘဲ စစ်ကောင်စီတပ်များကသာ ကဒဲကျေးရွာဘက် စစ်ကြောင်းထိုးသွားလာသည့် အခါများတွင် ဖြတ်လမ်းအဖြစ် ကိုးပင်တောင် တောလမ်းကို အသုံးပြုများသည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ထို့ကြောင့် ယခုပေါက်ကွဲခဲ့သည့် မိုင်းမှာလည်း စစ်ကောင်စီတပ်က ထောင်ထားသည့် မိုင်းသာ ဖြစ်မည်ဟု အဆို ပါ PDF တပ်ဖွဲ့ဝင် ဆိုသည်။

ပုလောမြို့နယ်အတွင်း မြေမြုပ်မိုင်းများ နင်းမိခြင်းကြောင့် ဒေသခံများ မကြာခဏသေဆုံးမှုများ ရှိနေသည်။
ဇွန်လ ၁၁ ရက်နေ့ကလည်း ပလမြို့ ရဲစခန်းအနောက်ဘက်မှ လယ်ကွင်းအတွင်း စပါးစိုက်ပျိုးရန် လယ်ထဲ ဆင်းသူ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေတောက်တစ်ဖက် ဆုံးရှုံးခဲ့ရသေးသည်။