ကွတ်ခိုင်မြို့နယ်အတွင်း ရွှေတူးမှုကြောင့် သောက်သုံးရေ အခက်ကြုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၀ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုန်းလောင်းချောင်းတွင် ရွှေတူးဖော်နေမှုများကြောင့် ကျေးရွာ ၅ ရွာ အသုံးပြုသည့် သောက်သုံးရေအခက်အခဲဖြစ်နေသည့်အပြင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်း လည်း ထိခိုက်လာနေသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ မုန်းလောင်းချောင်းကို ကွတ်ခိုင်မြို့နယ်အတွင်းက ကျေးရွာ ၅ ရွာဖြစ်သည့် နမ့်ခုံး၊ ပန်ကိုင်၊ နားမွန်း၊ လွယ်ကုန်၊ နမ့်ဖက်ကာနှင့် အခြားအနီးအနားရှိ ရွာများကလည်း အဓိကအားထား အသုံးပြုကြခြင်း ဖြစ်သည်။

ပန်ကိုင်ကျေးရွာခံ အမျိုးသားတစ်ဦးက “ကျနော်တို့ ရွာအပြင် တခြားကျေးရွာတွေ လယ်ယာစိုက်ပျိုးဖို့အတွက် အရမ်းခက်ခဲတယ်။ ရေက တအားနောက်တာ။ လယ်လုပ်မယ့်အပေါ်နားက မုန်းလောင်းချောင်းက သူတို့ ရွှေ လည်းတူးဖော်ပြီးရင် ပြန်ပြီးရွှေကို ပြန်ကျင်ထုတ်တာ” ဟု ပြောသည်။

အဆိုပါ ချောင်းမှ ရေမှာ ဒေသအတွင်းရှိ ပြည်သူများက ၎င်းတို့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းအတွက် အဓိက အသုံးပြုလျှက်ရှိရာ ယခုတွင်ရေမှာ နှောက်ကျိနေသောကြောင့် သုံး၍ မရဖြစ်နေသည်ဟု ဆိုသည်။

ထို့အပြင် အဝတ်လျှော်ဖွတ်ခြင်းနှင့် အိမ်တွင် ချက်ပြုတ်ဆေးကြောရန်လည်း အသုံးပြုရသည့် မုန်းလောင်း ချောင်းရေမှာ ပျက်စီးသွားပြီဟု ဒေသခံများက ပြောသည်။

ရှမ်းပြည်တိုးတပ်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) အဖွဲ့၏ ခွင့်ပြုချက်ဖြင့် လုပ်ငန်းရှင်များက မုန်းလောင်းချောင်တွင် စက်ယန္တရားကြီးများ အသုံးပြုက အလွန် အကျွံရွှေတူးဖော်နေကြခြင်း ဖြစ်သည်ဟု ပြောဆိုမှုများရှိနေသော်လည်း သက်ဆိုင်ရာ လက်နက်ကိုင်များကို ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ မရခဲ့ပေ။

ပြီးခဲ့သည့် မေလကုန်ပိုင်းတွင်လည်း လုပ်ငန်းရှင်အချို့အား ဒေသခံ တောင်သူများက တွေ့ဆုံဆွေးနွေးနိုင်ရေး ခေါ်ဆိုခဲ့ရာ ချိန်းချက်ထားသည့် နေရာသို့ ရောက်လာခဲ့ဘူးဟု ဆိုသည်။

ထို့ကြောင့် တောင်သူများက ၎င်းတို့ ရွှေတူးဖော်နေကြသည့် နေရာအထိ သွားရောက်ကာ တွေ့ဆုံညှိနှိုင်းနိုင်ရေး ကြိုးစားခဲ့ကြသော်လည်း လုပ်ငန်းရှင်များ၊ ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ မရှိဘူးဟု ရွှေတူးဖော်နေသည့် အလုပ်သမားများက ပြောဆိုခဲ့၍ တစ်စုံတစ်ရာ ညှိနှိုင်းနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

ဒေသခံတစ်ဦးက “ကိုယ်စားလှယ်က လယ်သမားတွေနဲ့ ညှိနှိုင်းဆွေးနွေးမယ်ပြောပြီး ချိန်းတဲ့နေ့ မလာတော့ လယ်သမားတွေက ရွှေတူးဖော်တဲ့နေရာမှာ သွားလိုက်တာ။ အပြင်မှာက ရှမ်းတပ် SSPP နှစ်ယောက် စောင့်ထား တယ်။ အထဲမှာတော့ ပေးမဝင်ဘူး။ အဲ့မှာ ရွှေတူးတဲ့ လုပ်သားတွေက သူတို့က ဘာမှမသိဘူးတဲ့ ကိုယ်စားလှယ် တွေလည်း မရှိဘူး။ အဲ့လိုပဲ ပြောတယ်” ဟု ပြောသည်။

ရွှေတူးဖော်မှုကြောင့် ချက်ပြုတ်စားသောက်ရေးအတွက် အသုံးရန်လည်း လုံးဝအဆင်မပြေတော့ကြောင်း၊ ထို့အပြင် လယ်ယာထဲ ရေထည့်ရန်လည်း ဇွန်လ တတိယပတ်ထိ နောက်ကျိနေဆဲ ဖြစ်သောကြောင့် အချို့မှာ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကိုပင် ရပ်ထားရသည်ဟု ဆိုသည်။

နမ့်ဖတ်ကာနှင့် မူဆယ် ၁၀၅ မိုင်ရှိ ရေချောင်းများသည် ရွှေတူးဖော်မှုများ ရှိလာသည့်နောက် ကျေးရွာခံများ အတွက် အခက်အခဲများ ဖြစ်နေကြသည်။

ပြီးခဲ့သည့် မတ်လအတွင်းကလည်း မိုင်းယုလေးနှင့် နမ့်ဖတ်ကာကြားရှိ နမ့်မောချောင်းတွင် ရွှေတူးဖော်မှုကြောင့်
ကျေးရွာ ၁၀ ဖြစ်သည့် လင်လိုင်၊ ဟိုခို၊ ဟိုခိုကွက်သစ်၊ ဟိုခိုကမ်း၊ မိုင်းယူ၊ မိုင်းယုကွက်သစ်၊ ပန်လော၊ မန်တုံ ကုန်စုံ၊ မန်ဟောင်နှင့် ဟိုနားကမ်း ကျေးရွာများက ဒေသခံများ အခက်အခဲဖြစ်နေကြသည်။

အဆိုပါ နမ့်မောချောင်းတွင် ရွှေတူးဖော်နေမှုကြောင့် ရေချောင်းပျက်စီးကာ အသုံးပြု၍ မရတော့ကြောင့် သတင်း မီဒီယာများတွင် ရေးသားဖော်ပြပြီးနောက် လက်ရှိတွင် ရွှေတူးမှုများ ရပ်ဆိုင်းသွားခဲ့ရာ ချောင်းရေမှာ ပြန်ကြည် လင်လာပြီး အသုံးပြု၍ ရလာပြီဟု ဆိုသည်။

ထို့ကြောင့် ကျေးရွာပေါင်း ၅ ရွာထက်မနည်းက ဒေသခံများ အဓိကအားထား အသုံးပြုရသည့် မုန်းလောင်း ချောင်းပေါ်ရှိ စက်ယန္တယားကြီးများ အသုံးပြုကာ လုပ်ကိုင်နေကြသည့် ရွှေတူးဖော်နေမှုများကိုလည်း ရပ်ဆိုင်း ပေးရန် တောင်းဆိုရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။