ကချင်ပြည်နယ် မြောက်ဖျားလမ်းများ ပိတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနစ်၊ ဇွန်လ ၂၀ ရက်။

မြန်မာနိုင်ငံ မြောက်ဖျားပိုင်း၊ တစ်ပတ်ကျော်ကြာ မိုးရွာသွန်းမှု ကြောင့် တောင်ပြိုကာ ပူတာအို – မချမ်းဘော့ – နောင်မွန်းမြို့ လမ်းတွင် လမ်းအချို့နှင့် တံတားတစ်ခု ပျက်စီးသွားသည်ဟု ဒေသခံများ က ပြောသည်။

ယနေ့အချိန်ထိ လမ်းပိုင်းပျက်စီးမှုများကို ပြင်ဆင်နေကြဆဲဖြစ်သော်လည်း မပြီးစီးသေးသောကြောင့် ကားများ ဇွန်လ ၂၀ ရက်နေ့တွင် အသွားအလာမရှိဟု ပူတာအိုဒေသခံများက ပြောသည်။

“နောင်မွန်းနဲ့ ခေါင်လန်ဖူးလမ်းပေါ့ အခုပျက်နေတာက ပူတာအို ကြားပေါ့။ ဒီနေ့လည်း အတက်ကားမရှိဘူး။ သွားလို့ မရဘူး၊ ရေတွေလည်း ကြီးနေတယ်။ အထက်ပိုင်း မိုးရွာလို့လေ၊ လမ်းထဲမှာပဲ ပြိုတာကတော့ တော် တော်များမယ်။ နောက်ပြီး တံတားတစ်ခုပျက်တာ ကားသွားလို့မရတာက ရေတိုက်စားသွားတာ တံတားက ကွန် ကရစ် တံတားပဲ ဘေးကနဲ့ လမ်းကိုပဲ ရေတိုက်စားသွားတာ” ဟု ပြောသည်။

ဇွန်လ ၁၉ ရက်နေ့မှ စတင်၍ လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ မိုးဆက်တိုက် ရွာသွန်းနေသော ကြောင့် လမ်းပြုပြင်ရေး အခက်အခဲဖြစ်နေသည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါ ပူတာအို ဒေသခံက “မနေ့ကကော ဒီနေ့ကော ပြင်နေတယ် မပြီးသေဘူးလို့ပြောတယ် မနေ့က အတော် လေးမိုး ရွာတာကို မနေ့ကရယ် လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်လောက်က တော်တော်လေး မိုးများလို့ကြောင့်မို့ မြေ ပြိုတဲ့ဟာတွေ ဖြစ်သွားတယ်” ဟု ဆက်ပြောသည်။

မြေပြို၍ ပျက်စီးသွားသည့် လမ်းပိုင်းများမှာ နောင်မွန်းမြို့နယ်ရှိ ကွမ်လင်းကျေးရွာနှင့် ဆန်ဒမ်းကျေးရွာကြား၊ ရပ်ဘော့ကျေးရွာအုပ်စုနှင့် ဘဘော့ကျေးရွာကြား နေရာများတွင်ဖြစ်ပြီး ထိုလမ်းအား ပြုပြင်ထိန်းသိမ်းခြင်း မရှိဘူးဟု ဆိုသည်။

“လမ်းက အသစ်ရယ်တော့ မဟုတ်ဘူး။ အသစ်ပြုပြင်တာ မရှိသေးဘူးပေါ့နော်။ အခုမြေပြိုတာက မပြင်ရ သေးတဲ့ အပိုင်းပေါ့။ မိုးတွင်းရောက်ရင်တော့ အဲ့လိုပဲ အဲ့ဘက်ကျတော့ မြေသားက သိပ်မခိုင်းလို့လားမသိဘူး။ မိုးများတဲ့ဒေသဆိုတော့ မြေတွေကပျော့တော့ ကားလမ်းမပေါ် ခဏခဏ ပြိုကျတာ ဒီနေ့လဲ မပြီးသေးဘူး။ လမ်းပျက်တဲ့ အဲကြားထဲမှာ တစ်လျှောက် ဖုန်းလိုင်းမရတော့ လမ်းပေါက်မှ ကားလာမှအကျိုးအကြောင်း မေးလို့ရမယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပူတာအို ဒေသမှာ မိုးများသည့် ဒေသဖြစ်ပြီး မိုးရာသီကာလ၌ နှစ်စဉ်နှစ်တိုင်း တောင်ပြိုခြင်း၊ လမ်းပျက်စီးခြင်း၊ တံတာများ ပျက်စီးခြင်းများ မကြာခဏဖြစ်လေ့ရှိပြီး ထိုသို့ပျက်ဆီးမှုကြောင့် ဒေသခံများ သွားလာရေးနှင့် စား သောက်ကုန်များ စျေးတက်ကာ အခက်အခဲများ ရှိနေသည်ဟု ပူတာအိုဒေသခံများက ပြောသည်။

“ဒေသခံတွေကတော့ အဓိကတော့ ဆက်သွယ်ရေး နောက်နှေးသွားတာပေါ့နော် တစ်ရက်နှစ်ရက်ဆိုရင်လည်း ဒီဘက်ကလူတွေကတော့ ကားလမ်းမကိုပဲ အားထားနေရတာလေ၊ ဒီကုန်းလမ်းကြောင်းကိုပဲ အားထားနေရ တော့ သွားလာရခက်ခဲတာပေါ့ အဓိကတော့ နောင်မွန်းဘက်က အခြေခံစားသောက်ကုန်တွေက ပူတာအိုမြို့ကပဲ သယ်ရတာလေ နှစ်ရက်သုံးရက် ပျက်ရင်တော့ ဟိုဘက် ကုန်ဈေးနှုန်းတွေလဲ အပြောင်းအလဲဖြစ်နိုင်တယ်” ဟု ဆိုသည်။

နောင်မွန်းမြို့နယ်တွင် ရက်သတ္တပတ် နှစ်ပတ်ခန့် မိုးအဆက်မပျက် သည်းထန်စွာ ရွာသွန်းမှုကြောင့် ပူတာအို-မချမ်းဘော့-‌ ‌‌နောင်မွန်းကားလမ်းမ‌ပေါ် တွင် တောင်ကမ်းပါးယံပြိုကျမှုနှင့် တံတားချဉ်းကပ် လမ်းမြေသား ရေတိုက်စားပြီးပြိုကျမှုများဖြစ်ပေါ်နေသောကြောင့် ဇွန်လ ၁၉ ရက်နေ့မှ စတင်၍ ယာဉ်ဖြတ်သန်းသွားလာမှု ပြတ်တောက်သွားပြီဟု PUTAO Regional info page တွင်လည်း ရေးသားထားသည်။

ယခု ယာဉ်ဖြတ်သန်းသွားလာမှု ပြတ်တောက်သွားသည့် အဆိုပါလမ်းမကြီးမှာ မြစ်ကြီးနား- ဆွမ်ပရာဘွမ်-ပူတာအို-နောင်မွန်း ဆက်သွယ်ထားသည့် လမ်းမကြီးဖြစ်သည်။

ဓါတ်ပုံ – PUTAO Regional info page