ဇနီးမောင်နှံနှစ်ဦးကို နေအိမ်တွင် ဖမ်းဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်။
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် ဖွင့်လှစ်ထားသည့် ရင်ခွင်သစ် (ECCD) မူကြိုကျောင်းပိုင်ရှင် ဇနီးမောင်နှံ နှစ်ဦး ညအချိန် ဖမ်းဆီးခံရသည်ဟု ဒေသခံများက ပြောသည်။
သီရိမင်္ဂလာရပ်ကွက်တွင် နေထိုင်သည့် ကိုအောင်ဇော်ဦး အသက် ၄၀ နှစ်နှင့် မဥမ္မာအောင်တို့ လင်မယားကို မောရဝတီရေတပ်မှ ကား ၃ စီးဖြင့် ဇွန်လ ၁၉ ရက်နေ့၊ ည ၁၁ နာရီအချိန်ခန့်က နေအိမ်တွင် လာရောက် ဖမ်းဆီးခေါ် ဆောင်သွားခြင်းဖြစ်သည်။
သီရိမင်္ဂလာရပ်ကွက် နေထိုင်သူ အသက် ၄၀ခန့်အရွယ် အမျိုးသားတစ်ဦးက “ညက ကားသံတွေ ထူးထူးခြား ခြား ကြားရလို့ အမှောင်ထဲကနေ အသာချောင်းကြည့်လိုက်တာ။ အိမ်ကို အရင် ဝိုင်းလိုက်တယ်။ တစ်နာရီ လောက် အိမ်ထဲမှာ ရှာဖွေစစ်ဆေးပြီးမှ ကားပေါ် ကို ခေါ်တင်ပြီး ဖမ်းသွားတာ” ဟု ပြောသည်။
ကိုအောင်ဇော်ဦးသည် ကျောက်တင်ကားမောင်းနှင်သည့် အလုပ်ကိုလုပ်ကိုင်နေပြီး ဇနီးဖြစ်သူ မဥမ္မာအောင် က အာဏာမသိမ်းမှီ ကတည်းကပင် ရင်ခွင်သစ် (ECCD) မူကြိုကျောင်းဖွင့်ကာ ကလေးငယ်များအား ပညာသင် ကြားပေးနေသူဖြစ်သည်ဟု ဒေသခံများက ပြောသည်။
နေအိမ်ကို ဝင်ရောက်ရှာဖွေဖမ်းဆီးပြီး စာရွက်စာတမ်းများနှင့် ဖုန်း ၄ လုံးကိုလည်းစစ်တပ်က သိမ်းဆည်း သွား သေးသည်ဟု မျက်မြင်တွေ့ရှိသူ အချို့က ပြောဆိုသည်။
ဖမ်းဆီးခံထားရသည့် ဇနီးမောင်နှံ နှစ်ဦးကို အုန်းပင်ကွင်းကျေးရွာရှိ မောရဝတီ ရေတပ်စခန်းဌာနချုပ်တွင် စစ် ဆေးနေပြီး ဇွန်လ ၂၀ရက်နေ့ ညနေပိုင်းအထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။
သီရိမင်္ဂလာရပ်ကွက်တွင် နေထိုင်သည့် ကိုအောင်ဇော်ဦး အသက် ၄၀ နှစ်နှင့် မဥမ္မာအောင်တို့ လင်မယားအား မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကိုမူ မသိရသေးပေ။
အလားတူ ဇွန်လ ၈ ရက်နေ့ကလည်း ကလိန်အောင်မြို့က ကုန်မာဆိုင်ပိုင်ရှင် မချိုချိုဦး ဆိုသူကို PDF များအား ထောက်ပို့ပေးနေသည်ဟု စွပ်စွဲကာ စစ်ကောင်စီတပ်မှ ဖမ်းဆီးခဲ့ကာ ၅ ရက်ကြာ စစ်ဆေးခဲ့ပြီးနောက် ပြန်လွှတ် ပေးခဲ့သည်။