စစ်ကောင်စီနှင့် တိုက်ပွဲတွင် ထားဝယ် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း ၁ မှ ၂ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်။
ထားဝယ်မြို့နယ် အရှေ့တောဒေသတွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် အပြန်အလှန်ပစ်ခတ်မှုအတွင်း ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း (၁)မှ တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့သည်ဟု ဇွန်လ ၂၀ ရက်နေ့ ညနေပိုင်းက သတင်းထုတ်ပြန်ထားသည်။
ထားဝယ်-ထီးခီး လမ်းမကြီးပေါ် တွင် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီမှ အရာရှိများလိုက်ပါလာသည့် စစ်ကောင်စီ ယာဥ်တန်းကို PDF ပူးပေါင်းတပ်ဖွဲ့က ဇွန်လ ၁၆ ရက်နေ့ နှင့် ၁၇ ရက်နေ့များ၌ အကြိမ်ကြိမ် ခြုံခိုတိုက်ခိုက်ခဲ့ သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
ပစ်ခတ်မှုအတွင်း ထားဝယ်ခရိုင် တပ်ရင်း(၁)မှ ရဲဘော်ပီတီ နှင့် ရဲဘော်ဝီစကီ တို့ကျဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ လက်နက်ကြီးစ ထိမှန် (ရှပ်ထိ – မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကာ အသက်ဘေးမှ လွတ်မြောက်လာသည်ဟု PDF ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ထားဝယ်ခရိုင် တပ်ရင်း(၁) ပြန်ကြားရေး တာဝန်ရှိသူက “စစ်ကောင်စီယာဥ်တန်းကို ခြုံခိုတိုက်ခိုက်နိုင်ဖို့ အတွက် စစ်ကြောင်းချီနေတဲ့ အချိန်မှာ ရဲဘော်ပီတီက ခြေထောက် ကြွက်တက်လာတယ်။ သူ့ကို ကူညီပေးဖို့ ရဲဘော် ဝီစကီနဲ့ နောက်ထပ်တစ်ယောက် လမ်းမှာကျန်ခဲ့ တယ်။ အဲ့ဒီအချိန် စစ်ကောင်စီ စစ်ကြောင်းက ရှေ့ပွိင့်နဲ့ တွေ့ ပြီး အပြန်အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ကြတဲ့ အချိန် ကျည်ထိမှန်ပြီး နှစ်ယောက်စလုံး နေရာမှာကျဆုံးသွားတာ” ဟု ပြောသည်။
စစ်ကောင်စီယာဥ်တန်းတွင် မြေသယ်ကားများ အပါအဝင် စစ်ကား (ဖောကား) ၁၅ စီးနှင့် အိမ်စီးကားအသေး ၃ စီးကို မြင်တွေ့လိုက်ရသည်ဟု ဒေသခံများက ပြောသည်။
ဇွန်လ ၁၇ ရက်နေ့မွန်းလွဲ ၁နာရီခန့်က ထားဝယ်- ထီးခီးလမ်းပိုင်းရှိ ဗဲ့မဲ့တတ်တောင်အနီး လူခွဲကျန်ခဲ့သည့် ပြည် သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးနှင့် စစ်ကောင်စီစစ်ကြောင်းတို့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ချိန်အတွင်း တပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးခဲ့ခြင်း ဖြစ်သည်။
ပစ်ခတ်မှုအတွင်း ကျဆုံးသူနှစ်ဦး၏ သေနတ်နှစ်လက်လည်း ဆုံးရှုံးခဲ့ရကြောင်း နှင့် ရဲဘော်နှစ်ယောက်၏ အလောင်းများကိုမူ တိုက်ပွဲဖြစ်ပြီး နောက်ရက် ဇွန်လ ၁၈ ရက်နေ့တွင် အမိန့်စာပြန်ကာ မီးသင်္ဂြိုဟ်ပေးခဲ့ လိုက် သည်ဟု ထားဝယ်ခရိုင် တပ်ရင်း(၁) ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီယာဥ်တန်းသည် သင်္ကန်းတုံးကျေးရွာတွင် ဝင်ရောက် စခန်းချနေထိုင်ခဲ့ပြီး နေအိမ်အချို့ကို ရိုက်ချိုးဖျက်ဆီးကာ နေအိမ်များအတွင်းရှိ စက်ဘီးအပါအဝင် တန်ဖိုးကြီးပစ္စည်းအချို့ကို ယူဆောင်သွား သေးသည်ဟု သင်္ကန်းတုံးရွာသားများက ပြောသည်။
ထားဝယ်ခရိုင် တပ်ရင်း (၁) ၏ ထုတ်ပြန်ချက်အတွင်း ဖက်ဒရယ်ဒီမိုကရေစီ တိုက်ပွဲအတွင်း ကျဆုံးကြွေလွင့်ခဲ့ရ သော အာဇာနည်သူရဲကောင်း ရဲဘော်ပီတီ နှင့် ရဲဘော်ဝီစကီ တို့အား မိသားစုနှင့်ထပ်တူထပ်မျှဝမ်းနည်းကြေ
ကွဲရပါကြောင်း ဖေါ်ပြထားသည်။
အလားတူ ဇွန်လ ၂၀ ရက်နေ့ ညနေပိုင်းအချိန်ထိလည်း စစ်ကောင်စီ ယာဥ်တန်းများနှင့် ဦးပိုင်ကုမ္ပဏီ အရာရှိများ သည် ဟိန္ဒားသတ္တုတွင်းသို့ ရောက်ရှိနေကြသည် ထားဝယ်ခရိုင် တပ်ရင်း(၁) ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။