မြိတ်ခရိုင် တိုက်ပွဲတွင် PDF တစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်။

စစ်ကောင်စီစစ်ကြောင်းနှင့် ဖြစ်ပွားသည့် နှစ်ရက်တာတိုက်ပွဲများ အတွင်း PDF တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်မှလည်း ထိခိုက်သေဆုံးမှုများရှိသည်ဟု မြိတ်ခရိုင် တပ်ရင်း (၁) ပြည်သူ့ကာကွယ်ရေး တပ်မတော်မှ ဇွန်လ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး ဝင်ရောက်လာသော အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီတပ်နှင့် ကျေးရွာတွင် ဂိတ်ချစစ်ဆေးနေသည့် PDF တပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“တိုက်ပွဲတွေစဖြစ်တဲ့ ၂၀ ရက်နေ့ ညဦးပိုင်း တိုက်ပွဲမှာ ရဲဘော်သံချောင်း ကျည်ထိမှန်ပြီး ကျဆုံးသွားတယ်။ ရှင်းလင်းရေး လုပ်တဲ့ အချိန်တွေ့ရတဲ့ စစ်ကောင်စီဘက်က ကျန်ခဲ့တဲ့အလောင်းကိုတော့ ကောင်းကောင်းမွန်မွန် ပဲ မြေမြုပ်ပေးခဲ့ပါတယ်” ဟု မြိတ်ခရိုင်တပ်ရင်း (၁) ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

ဇွန်လ ၂၀ ရက်‌နေ့၊ နံနက် ၁၁ နာရီခွဲအချိန်ခန့် မှ ၂၁ ရက်နေ့ ည ၇ နာရီခန့်အထိ နှစ်ရက်တာအတွင်း တိုက်ပွဲများ အကြိမ်ကြိမ် ဖြစ်ခဲ့ပြီး မြိတ်ခရိုင်တပ်ရင်း (၁) မှ PDF တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့သည့်အပြင် စစ်ကောင်စီဘက်မှ ၁၀ ဦး သေဆုံးကာ အလောင်းတစ်လောင်း ကျန်ရစ်ခဲ့ကြောင်း ဖေါ်ပြထားသည်။

ပဝတ်ကုန်းရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံများမှာ ပြီးခဲ့သည့် နှစ်ကတည်းက ရွာလုံးကျွတ် စစ်ဘေး ရှောင်နေကြရခြင်းကြောင့် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း အရပ်သား ထိခိုက်သေဆုံးခဲ့ခြင်းများ မရှိခဲ့ဘူးဟု မြိတ် ခရိုင်တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

တိုက်ပွဲ စဖြစ်ခဲ့သည့် ဇွန်လ ၂၀ ရက်နေ့ ညနေမှာပင် ကဒဲကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်း ကုန်း ကို ပုလောပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ -PRDF က အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့သေးသည် ဟု PRDF တပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

နန်းတောင်ကျေးရွာတွင် တချိန်တည်း ဖြစ်ပွားနေသည့် တိုက်ပွဲကိုလည်း PRDF တပ်ဖွဲ့က သွားရောက် ကူညီ တိုက် ခိုက်ပေးခဲ့ပြီး တပ်ဖွဲ့ဝင်များ ထိခိုက်မှု တစ်စုံတစ်ရာမရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြသည်။

နှစ်ရက်တာတိုက်ပွဲများ အတွင်း ပုလောမြို့အခြေစိုက် ခလရ (၂၈၅) တပ်ရင်းနှင့် ပလရဲစခန်းတို့မှ တိုက်ပွဲဖြစ်ရာ အနီးတဝိုက် ကျေးရွာများဆီသို့ လက်နက်ကြီး အကြိမ်ရေရာနှင့်ချီကာ ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြော သည်။

နှစ်ဖက် ပစ်ခတ်မှု နှစ်ရက်တာအတွင်း စစ်ကောင်စီတပ်ဘက်မှ ပုလောမြို့နှင့် ပလမြို့များ အဝင်အထွက် စစ်ဆေးရေးဂိတ်များကို ပိတ်ထားခဲ့ခြင်းကြောင့် ခရီးသည်တင်ကားများနှင့် ကုန်တင်ယာဉ်များ ရာနှင့်ချီ ပိတ်မိ ခဲ့ပြီး ဇွန်လ ၂၂ ရက်နေ့၊ နံနက် ၅နာရီခွဲ အချိန်ခန့်တွင် ပြန်လည် သွားလာခွင့်ရခဲ့သည်ဟု ယာဉ်မောင်းသူများက ပြောသည်။
ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသခံ PDF တပ်ဖွဲ့များအကြား နှစ်ဖက်စစ်ရေးတင်းမာနေပြီး တိုက်ပွဲ များ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားများ ရှိနေခြင်းကြောင့် ခရီးသွားပြည်သူများ အနေဖြင့် မြိတ်-ပုလော သွား ပြည်ထောင်စု ကားလမ်းမကြီးကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ ပြည်သူ့ ကာကွယ်ရေး တပ်များက မေတ္တာရပ်ခံထားသည်။

စစ်ကောင်စီတပ်က ပုလောမြို့နယ်အား စစ်အုပ်ချုပ်ရေး ဒေသအဖြစ် ကြေညာပြီးနောက် မြိတ် – ပုလော သွား ပြည်ထောင်စု လမ်းမကြီးပေါ်တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။