မွန်ပြည်နယ် လမိုင်းမြို့လယ်တွင် မှတ်ပုံတင် အရာရှိ အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၄ ရက်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့လယ် နာရီစင်အနီးတွင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု မြို့ခံများက ပြောသည်။

လမိုင်းမြို့နေ အသက် ၅၀ နှစ်အရွယ် ဒေါ်စန်းမြင့်ကြွယ် ဆိုသည့် အမျိုးသမီး ဆိုင်ကယ်စီးနေစဥ် ဇွန်လ ၂၂ ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင်အချိန်ခန့်က သေနတ်သမား ၂ ဦးက လာရောက် ပစ်သတ်သွားခဲ့ခြင်း ဖြစ်သည်။

သေနတ်ပစ်ခတ်ခံရပြီး လမ်းပေါ်တွင် လဲကျနေသည့် ဒေါ်စန်းမြင့်ကြွယ်ကို လူမှုကယ်ဆယ်ရေးအဖွဲ့များက လမိုင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့သည်ဟု မြို့ခံများက ပြောသည်။

“ဆိုင်ကယ်စီးလာတဲ့အချိန်မှာ ပစ်ခတ်ခံရတယ်။ အပစ်ခံရတာက မြို့လယ်ခေါင် လမ်းမပေါ်မှာပဲ၊ လူမှုကယ် ဆယ်ရေးအဖွဲ့တွေကနေ ဆေးရုံပို့တော့ ဆေးရုံရောက်တော့ သေဆုံးသွားတယ်” ဟု လမိုင်းမြို့ခံတစ်ဦးက ပြော သည်။

ဒေါ်စန်းမြင့်ကြွယ်သည် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးဖြစ်သည်ဟု မြို့ခံအချို့က ပြောသည်။

လမိုင်းမြို့က မှတ်ပုံတင် အဓိက လုပ်ဆောင်ပေးနေသူကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ် ပြန်ထားသည်။

အလားတူ ဇွန်လ ၂၂ ရက်နေ့တွင် ရေးဘီလူးအဖွဲ့က ရေးမြို့နယ်၊ ချောင်းတောင် စစ်ဆေးရေးဂိတ်ကို ရေးဘီလူး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးခန့် သေဆုံးသည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

ချောင်းတောင် စစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်ပြီးနောက် သေနတ်များကို ဝင်လုခဲ့သည်ဟု ပြောသည်။ အဆိုပါဂိတ်စခန်းမှာ စစ်ကောင်စီတပ်ရပ် ၁၉ ၏ လက်အောက်ခံ တပ်ဖြစ်သည်ဟုလည်း ဆိုကြသည်။

အဆိုပါ စစ်ဆင်ရေးထဲ “စစ်သားတွေစောင့်နေတဲ့ တပ်ပေါ့၊ ရဲကင်းမဟုတ်ဘူး၊ ဝင်ပစ်တော့ ဂိတ်ထဲမှာကို ၈ ယောက်ထိုင်နေတာကို ဝင်ပစ်တာ။ ၄ ဦး ကျသွားတယ်ဗျ၊ ဒဏ်ရာရတာတွေလည်း ရှိတယ်၊ သေနတ်တော့ ဝင်လုတာပဲ မရခဲ့ဘူး” ဟု ရေးဘီလူး အဖွဲ့ခေါင်းဆောင်က ပြောသည်။

ထိုစစ်ဆင်ရေးအပြင် ဇွန်လ ၂၀ ရက်နေ့ကလည်း ရေးမြို့နယ်၊ ကျောက်မိချောင်းကျေးရွာ (တောင်ပိုင်း) က ပြည်သူ့စစ်အဖွဲ့ဝင် ဦးရဲနိုင်ဝင်း ဆိုကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။

ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ၊ ပြည် သူ့စစ်အဖွဲ့ ဝင်များနှင့် စစ်ကောင်စီ၏ သတင်းပေး ဒလန်ဟု စွပ်စွဲခံရသူများကို မကြာခဏ ပစ်ခတ်ရှင်းလင်း လေ့ရှိသည်။

စစ်ကောင်စီဘက်ကမူ ရေးဘီလူးအဖွဲ့ကို ဖမ်းဝရမ်းထုတ်ထားပြီး သတင်းပေးသူကို ဆုကြေးငွေပေးမည်ဟု သတင်းထုတ်ပြန်ထားသည်။