ကျိုက်ထို မြို့နယ် စစ်ကောင်စီ အဖွဲ့ဝင် ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၄ ရက်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရဲနိုင်အောင် (ခ) ဦးရဲနိုင်သည် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု မြို့ခံများက ပြောသည်။

ဦးရဲနိုင်အောင်သည် အပြစ်မဲ့ပြည်သူများကို ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးခြိမ်းခြောက်ကာ ငွေညှစ်တောင်းခံ နေသည့် အတွက် ပစ်ခတ်ရှင်းလင်းရခြင်းဖြစ်သည်ဟု ကျိုက်ထိုတော်လှန်ရေး အင်အာစုက ထုတ်ပြန်ထားသည်။

“ဦးရဲနိုင်က ဆိုင်ကယ်နဲ့ ကျိုက်ပိကျေးရွာအသွားမှာ ပစ်ခတ်ခံရတာဖြစ်တယ်။ သေနတ်ဒဏ်ရာ ၆ချက် ၇ ချက် လောက်နဲ့ အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးသွားတယ်။ သူက စာလည်းသင်နေတယ်” ဟု မြို့ခံတစ်ဦးက ပြော သည်။

ဦးရဲနိုင်အောင်သည် ဇွန်လ ၂၂ ရက်နေ့၊ ညနေ ၆ နာရီဝန်းကျင် အချိန်ခန့်က ဆိုင်ကယ်ဖြင့် ကျိုက်ပိကျေးရွာသို့ အသွား ကျိုက်ပိတောရဘုန်းကြီးကျောင်းရှေ့ အရောက်တွင် အမည်မသိ သေနတ်သမား နှစ်ဦးက အနောက်မှ ဆိုင်ကယ်ဖြင့် လိုက်လာပြီး သေနတ်ဖြင့် ၉ ချက်ခန့်ဖြင့် ပစ်ခတ်ခဲ့သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးရဲနိုင်အောင်သည် ရင်ညွန့်ကျည်ဖောက်ဝင် ဒဏ်ရာနှစ်ချက်၊ ယာလည်ပင်း တွင် ကျည်ဖေါက်ဝင် ဒဏ်ရာတစ်ချက်၊ ယာဘက်ပါးတွင် ကျည်ဖေါက်ဝင် ဒဏ်ရာတစ်ချက်၊ လည်ပင်းအောက် တွင်လည်း ကျည်ဖေါက်ဝင်ဒဏ်ရာတစ်ချက်အပြင် ဝဲဘက် နားထင်တွင် ကျည်ဖေါက်ဝင် ဒဏ်ရာတစ်ချက်တို့ဖြင့် အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးသွားခဲ့သည်။

ဦးရဲနိုင် (သင်္ချာ) ဟု လူသိများသည့် ဦးရဲနိုင်အောင် (ခ) ဦးရဲနိုင်သည် ကျူရှင်ဆရာတစ်ဦးလည်းဖြစ်သည်ဟု မြိုခံများက အတည်ပြုပြောသည်။

သေဆုံးသွားသည့် ဦးရဲနိုင်အောင် ရုပ်အလောင်းကိုမး လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့များက ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။

ဦးရဲနိုင်အောင်ကို ၎င်းတို့အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) အဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ၎င်းသည် အပြစ်မဲ့ ပြည်သူများကို ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးခြိမ်းခြောက် ငွေညှစ်နေသည့်အတွက် ယခုကဲ့သို့ ပစ်ခတ်ရှင်းလင်းရခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

သို့သော် အဆိုပါ ထုတ်ပြန်ပြောဆိုချက်နှင့် ပတ်သက်၍ ကျိုက်ထိုတော်လှန်ရေး အင်အားစုထံမှ သီးခြားအတည် ပြု ချက်ရရှိနိုင်ရေး ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကျိုက်ထိုမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီ လက် အောက်ခံ ပြည်သူ့စစ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများနှင့် နိုင်ငံရေးပါတီဝင်များ သတ်ဖြတ်ခံ ရသည့် ဖြစ်စဥ်များ မကြာခဏဖြစ်ပွားနေသည့်အပြင် အရပ်သားသတ်ဖြတ်ခံရသည့် ဖြစ်စဥ်များလည်း ရှိနေ သည်ဟု မြို့ခံများက ပြောသည်။