ကော့သောင်းတွင် ပျူစောထီးခေါင်းဆောင်နှင့် အခြား နှစ်ဦး သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်။
ကော့သောင်းမြို့နယ်၊ ဘန်းကချွန်ကျေးရွာအုပ်စု၊ အတွင်းရှိ စစ်ကောင်စီ ကင်းစခန်းကို အလစ်အငိုက်ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင်အပါအဝင် သုံးဦးကိုရှင်းလင်းနိုင်ခဲ့သည်ဟု ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။
ရေငန်းချိုင်ကျေးရွာနှင့် ချောင်းစလန်းကျေးရွာ လမ်းဆုံတွင်တည်ရှိသည့် စစ်ကောင်စီကင်းစခန်းကို ဇွန်လ ၂၂ ရက်နေ့၊ ညသန်းခေါင်ကျော် ၁ နာရီခန့်တွင် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ကော့သောင်း – ပကဖ အဖွဲ့ တာဝန်ရှိသူက “ကင်းစခန်းမှာက စစ်တပ်က အမြဲ ရှိမနေပါဘူး။ ပျူတွေပဲရှိတဲ့ အချိန်ကို သေသေချာချာ သတင်းထောက်လှမ်း ပြီးမှ အပိုင်ဝင်စီးပြီး လက်ဦးမှုရခဲ့တာကြောင့် အပြန်အလှန် ပစ်ခတ်တာမျိုးမရှိခဲ့ပါဘူး” ဟု ပြောသည်။
စခန်းအတွင်းရှိနေသည့် ပျူစောထီး ဒု-ခေါင်းဆောင် ဦးဝမ်းနှင့် တပ်စုမှူး ဦးသန့်ဇင်တို့ကို နေရာတွင် ပစ်ခတ် ရှင်းလင်းနိုင်ခဲ့ပြီး ပြောင်းရှည်သေနတ် ရှစ်လက်၊ ပစ္စတိုသေနတ် တစ်လက်အပါအဝင် မူးယစ်ဆေးဝါးများကို လည်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ကင်းစခန်းအား ရှင်းလင်းခဲ့ပြီးသည့်နောက် ထပ်မံ၍ ပျူစောထီးခေါင်းဆောင် ဦးစိန်သန်းကိုလည်း နေအိမ်တွင် သွားရောက် ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတွင် သေဆုံးသွားကြောင်း ရေးသားထားသည်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်ကောင်စီနှင့် မပူးပေါင်းကြရန်အပြင် နှုတ်ထွက်ကြရန် သတိပေးထုတ်ပြန်စာများ အကြိမ်ကြိမ်ပေးပို့ခဲ့ပြီး ဖြစ်ကြောင်း ကော့သောင်း – ပကဖအဖွဲ့ တာဝန်ရှိသူက ပြောသည်။
တိုက်ခိုက်ပြီးနောက် စစ်ကောင်စီကင်းစခန်းနှင့် သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးများကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြသည်ဟု ဆိုသည်။
ထုတ်ပြန်ချက်အတွင်း နောက်နောင်တွင် ပြည်သူလူထုအား ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီး အနှောင့်အယှက်ပေးခြင်း များ ဆက်လက်ပြုလုပ်နေပါက စစ်ကောင်စီထောက်တိုင်များ၊ ပျူစောထီးများ၊ သတင်းပေးဒလန်များအား ဆက် လက်ရှင်းလင်းသွားမည် ဖြစ်ကြောင်းပါရှိသည်။
ဇွန်လ ၁၁ ရက်နေ့က ကော့သောင်းမြို့နယ် မလိဝမ်းကျေးရွာမှ စစ်ကောင်စီ သတင်းပေး ဦးသန်းဝင်း ဆိုသူကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ခွဲ (၁) မှ သွားရောက် ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။
ထို့အပြင် ဖေဖော်ဝါရီလအတွင်းက အောင်ချမ်းသာကျေးရွာအုပ်စုမှ ရာအိမ်မှူးနှင့် ဇနီးဖြစ်သူတို့အပြင် မေလအတွင်းမှာလည်း ရှမ်းကိုးကျေးရွာဒေသ၊ ရေတွင်းတောင်ကျေးရွာ ရာအိမ်မှူးနှင့် အရန်မီးသတ်တပ်ခွဲမှူးတစ်ဦး တို့ကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြသည်။