ဖားကန့် ကျောက်စိမ်းလုပ်ကွက်အတွင်းမှ အလောင်းတစ်လောင်းတွေ့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်။

ကချင်ပြည်နယ်၊ ကျောက်စိမ်းမြေ ဖားကန့်မြို့နယ်အတွင်းရှိ တရားမဝင် ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် ရုပ်အလောင်း တစ်လောင်း ပေါ်လာသည်ဟု ဒေသခံများက ပြောသည်။

ဖားကန့်မြို့နယ်၊ ဆိုင်းဂျာဘွမ်ကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက် တစ်ခုအတွင်း ဇွန်လ ၂၅ ရက်နေ့၊ မွန်းလွဲ ၂ နာရီ ခန့်၌ ရုပ်အလောင်း တစ်လောင်းပေါ်လာခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

“ဒီ (၂၅ ရက်နေ့) ညနေက ဆိုင်းဂျာဘွမ် ကျောက်စိမ်းလုပ်ကွက်တစ်ခုမှာ အလောင်းတလောင်း ပေါ်လာတယ်။ ဘယ်သူလဲ ဆိုတာတော့မသိဘူး။ နာရေးသမားတွေတော့ သင်္ဂြိုလ်ဖို့ လုပ်နေတယ်” ဟု ပြောသည်။

သေဆုံးနေသူမှာ အမျိုးသားတစ်ဦးဖြစ်ပြီး ရေမဆေးသမား တစ်ဦးဖြစ်နိုင်သည်ဟု ဆိုသည်။ သို့သော် မည်သူ မည်ဝါ ဖြစ်ကြောင်းကိုမူ အတည်မပြုနိုင်ဘူးဟု ဆိုသည်။

သေဆုံးနေသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး အသက် ၂၀ ကျော်ဝန်းကျင် အရွယ်ခန့်ရှိသူ ဖြစ်သည်ဟု ဒေသခံများက ခန့်မှန်းပြောဆို ကြသည်။

အဆိုပါ ဆိုင်းဂျာဘွမ် ကျောက်စိမ်းလုပ်ကွက်သည် တရားမဝင် လုပ်ကိုင်နေသည့် လုပ်ကွက်တစ်ခု ဖြစ်သည်။

ဖားကန့်မြို့ ဆိုင်းဂျာဘွမ်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်အနီးက နွံကန်ထဲတွင် အဆိုပါ အလောင်းကို တွေ့ ရှိခဲ့ကြခြင်း ဖြစ်သည်။ ထိုနွံကန်မှာ စွန့်ပစ်မြေစာပုံအနီးတွင် ရှိသည်ဟု ဒေသခံများက ပြောသည်။

ပိုင်ရှင်မဲ့ အလောင်းအဖြစ်သာ သင်္ဂြိုလ်ပေးလိုက်ရသည်ဟု “မျက်နှာကလည်း တော်တော်လေးကို ပျက်နေပြီ။ ဘယ်သူမှန်း ဘယ်လိုမှ မခန့်မှန်းနိုင်တဲ့အနေအထားမျိုးဗျ။ အကုန်လုံးပုပ်ပွနေတာ။ ကျနော်တို့ကတော့ အတတ် နိုင်ဆုံး ကောင်းကောင်း သင်္ဂြိုလ်ပေးလိုက်ပါတယ်။ ပိုင်ရှင်မဲ့အလောင်းပုံစံမျိုးပဲ လုပ်ပေးလိုက်ရ တာပေါ့ဗျာ” ဟု ပြောသည်။

ဖားကန့်-ကျောက်စိမ်းဒေသအတွင်း ယခုကဲ့သို့ ပိုင်ရှင်မဲ့ အလောင်းတွေ့ရှိခြင်းမှာ အထူးအဆန်းမဟုတ်ကြောင်း ဖားကန့်ဒေသခံများနှင့် လူမှုကူညီရေးအသင်းအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

အလားတူ ဇန်နဝါရီလ ၃၀ ရက်နေ့ကလည်း ဖားကန့်မြို့၊ နမ့်မှော်ကျေးရွာရှိ ကျောက်စိမ်းကုမ္ပဏီ လုပ်ကွက် ဟောင်းတွင် မြေပြိုကျမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ရေမဆေးသမား ၄ ဦး သေဆုံးသွားသည့် ဖြစ်စဉ် တစ်ခုလည်း ရှိခဲ့သည်။

ယခု ဇွန်လ ၂၅ ရက်နေ့က ပိုင်ရှင်မပေါ်သည့် ရုပ်အလောင်းတွေ့ရှိခဲ့သည့် ဖားကန့် ဆိုင်းဂျာဘွမ် လုပ်ကွက်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင်လည်း မြေပြိုကျမှု တစ်ခုပြီးပွားခဲ့ပြီး ၅ ဦးခန့်သေဆုံးခဲ့ရာ သေဆုံးသွားသူများ၏ ရုပ်အလောင်းများ ရှာမတွေ့ခဲ့ဘူးဟု အနီးအနားရှိ ရေမဆေးသမားများက ပြောသည်။