ကျောက်သယ်ယာဉ်ပုံဖျက် စစ်ကောင်စီ ယာဉ်တန်း မိုင်း ၃ ကြိမ် ထိ၊ ၇ ဦးသေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်။

ကျောက်သယ်ယာဉ်ဖြင့် ပုံဖျက်လာသည့် စစ်ကောင်စီယာဉ်တန်း မိုင်း ၃ ကြိမ်ထိပြီး စစ်ကောင်စီဘက်က ၇ ဦးသေဆုံးပြီး ထိခိုက်မှုများ ရှိခဲ့သည်ဟု ရေဖြူမြို့နယ်ဒေသခံများက ပြောသည်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း ကျောက်သယ်ယာဉ်များအသုံးပြု ပုံဖျက်ကာ ဝင်လာသည့် စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူများရှိခဲ့ခြင်း ဖြစ်သည်။

ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူက “ပေါက်ကွဲအားပြင်းတဲ့ မိုင်းကို သုံးခဲ့တာကြောင့် သူတို့ဘက် အထိနာပြီး သေဆုံး သူနဲ့ ဒဏ်ရာရသူတွေလည်း များပြားခဲ့တယ်။ ကျောက်တင်ကား အနီရောင် တစ်စီးလည်း ဦးခေါင်းပိုင်း မိုင်းထိ ပြီး ပျက်စီးသွားတယ်” ဟု ပြောသည်။

ရေဖြူမှ ကလိန်အောင်မြို့ဘက်သို့ မောင်းနှင်လာသည့် ကျောက်ကား ၄ စီး၊ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့က ပေါက်ကွဲအားပြင်း မိုင်း ၃ လုံးဖြင့် တိုက်ခိုက်ခဲ့ ခြင်း ဖြစ်သည်ဟု ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။

ဇွန်လ ၂၃ ရက်နေ့၊ နံနက် ၄ နာရီအချိန်ခန့်က ဟိန်းဇဲကျေးရွာအနီး၊ ရေပူစမ်းလမ်းကွေ့ အရောက်တွင် စတင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ရေပုံးကျေးရွာအထိ လမ်းတလျှောက် မိုင်းသုံးကြိမ်ဆွဲကာ တိုက်ခိုက်ခဲ့သည်ဟု ကြသည်။

မိုင်းဆွဲ တိုက်ခိုက်ခံရခြင်းကြောင့် စစ်ကောင်စီတပ်ဘက်မှ ၇ ဦးသေဆုံးကာ ၁၅ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့သည့် အပြင် ကျောက်ကားတစ်စီးလည်း ပျက်စီးသွားသည်ဟု ဆိုသည်။

စစ်ကောင်စီယာဉ်တန်းမှာ ရေဖြူမြို့ဘက်မှ ဇွန်လ ၂၃ ရက်နေ့၊ နံနက် ၂ နာရီခွဲခန့်ကတည်းက ထွက်လာခဲ့ခြင်း ဖြစ်ပြီး ရေပုံးကျေးရွာ မရောက်ခင် ဟိန်းဇဲကျေးရွာ တံတားအနီး တွေ့ရသည့် ဆိုင်ကယ်ဖြင့် ဈေးရောင်း ထွက် လာသူ ဈေးသည်တစ်ဦးကို ရိုက်နှက်နှိပ်စက်ခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။

ယခုစစ်ဆင်ရေးကို မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် ကော်သူလေးအာမီ (Kaw Thoo Lei Army)၊ ရေဖြူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (YP – PDF)၊ ကလိန်အောင်မြို့ အခြေစိုက် ရွှေဘီလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (K. L. A. S. B. L PDF) တို့မှ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်တို့ မိနစ်အနည်းငယ်ခန့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များဘက်မှ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ပြန်ဆုတ်ခွာလာနိုင်ခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူ က ဆိုသည်။

ပစ်ခတ်မှုများကြောင့် ခရီးသည်တင်ကားများ ရေပုံးကျေးရွာနှင့် ဟိန်းဇဲကျေးရွာများဘက်တွင် နံနက် ၈ နာရီခန့် အချိန်ထိ ပိတ်မိနေခဲ့ကြသည်။

ထို့အပြင် ဇွန်လ ၂၀ ရက်နေ့ ည နှင့် ဇွန်လ ၂၁ ရက်နေ့ အာရုဏ်တက်အချိန်တွင်လည်း ကလိန်အောင်မြို့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနှင့် ခမရ – ၄၀၈ တပ်ရင်းတို့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့သေးသည်။

ရေဖြူမြို့နယ်၊ ကလိန်‌အောင်မြို့ အနီးတဝိုက် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား နှစ်ဖက် စစ်ရေးတင်းမာနေပြီး အချိန်မရွေး ထိတွေ့ပစ်ခတ်မှုများ ဖြစ်နိုင်သည့်အတွက် ခရီးသွားပြည်သူများ အနေဖြင့် မလိုအပ်ဘဲ ခရီးမသွားကြရန်၊ စစ်ယာဉ်တန်းများ နှင့် ဝေးဝေးရှောင်ရှား သွားလာကြရန် ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်များမှ မေတ္တာရပ်ခံတောင်းဆိုထားသည်။