ရဲစခန်းစီးနင်းပြီးနောက် ရွာအတွင်း လက်နက်ကြီးကျ၊ သုံးဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၈ ရက်။
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာ ရဲစခန်း စီးနင်းတိုက်ခိုက်ခံရပြီး၊ ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးကာ အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီအမြောက်တပ်ဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် နှစ်ကရင်ကျေးရွာ ရပ်ကွက် (၁၀) ရှိ နေအိမ်ခြံဝန်း တစ်ခုအတွင်း ကျရောက်ပေါက်ကွဲသည့်အတွက် အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ပြီး အမျိုးသား ၃ ဦးလည်း ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
“မနေ့ (ဇွန် ၂၅) က ၁၁ နာရီခွဲကျော်ကျော်လောက်မှာ စဖြစ်ကြ။ ရဲစခန်းကို PDF တွေ ဝင်တိုက်တာပေါ့။ အဲ့ဒါ ဖြစ်ပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ်တော့ အိမ်ပေါ်မှာကျသွားလို့ အမျိုးသမီးတစ်ဦး အမျိုးသား ၃ ဦး ထိသွား တယ်။ အမျိုးသမီးကတော့ သေဆုံးသွားတယ်။ ပြီးတော့ လေယာဥ်နဲ့လည်း လာပစ်တယ်။ ညနေပိုင်းအထိကို သေနတ်သံတွေ ကြားနေရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရသူများကို လူမှုကယ်ဆယ်ရေးအဖွဲ့တို့က လမိုင်းမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူနေကြရသည်။
နှစ်ကရင်ကျေးရွာ ပင်လယ်ကမ်းစပ်အနီးရှိ နှစ်ကရင် ရဲစခန်းကို ဇွန်လ ၂၅ ရက်နေ့၊ နံနက် ၁၁ နာရီ မိနစ် ၄၀ လောက်တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သည်။
ရဲစခန်းစီးနင်းတိုက်ခိုက်ခံရမှုကြောင့် နှစ်ဖက်ပစ်ခတ်မှု ၂ နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ အမြောက် တပ် (၃၁၇) ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ကူခဲ့သည့်အပြင် ရဟတ်ယာဉ်ဖြင့်လည်း ပစ်ခတ်တိုက်ခိုက် ခဲ့ သည်။
နှစ်ကရင်ရဲစခန်း တိုက်ခိုက်မှုဖြစ်စဥ်အတွင်း စစ်ကောင်စီဘက်က ရဟတ်ယာဉ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အတွက် KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ဘက်က ပြန်လည်ဆုတ်ခွာခံရသည်ဟု မြေပြင် PDF တပ်မှူးတစ်ဦးက ပြောသည်။
“စခန်းက ရန်သူ့လှုပ်ရှားစစ်ကြောင်း ခဏနားနေတဲ့နေရာပါ။ သတင်းရလို့ ရန်သူတွေကို အလစ်အငိုက်ဝင် ရောက် တိုက်ခိုက်နိုင်ခဲ့ပါတယ်။ သူတို့ဘက်က အထိအခိုက်တော့ များနိုင်ပါတယ်။ စခန်းတွင်း အနီးကပ် ချေမှုန်း ဖို့ လုပ်နေချိန်မှာပဲ Mi-35 P ရဟတ်ယာဉ်ရောက်လာပြီး အနီးနားပတ်ဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်တာ။ ပွိုင့် ၅ နဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ဇွန်လ ၈ ရက်ကလည်း နှစ်ကရင်ကျေးရွာထဲ KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်လာပြီး နောက် စစ်ကောင်စီ အမြောက်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့သေးသည်။
နယ်မြေစိုးမိုးနိုင်ရေး အတွက် KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က ဇွန်လ ၁၈ ရက်နေ့ကစပြီး မော်လမြိုင်-ရေး-ထားဝယ် အမှတ် (၈) ကားလမ်းမတစ်လျှောက်တွင် လှုပ်ရှားနေပြီး စစ်ဆေးမှုများလည်း နေ့စဥ်ပြုလုပ်နေသည်။
အမှတ် (၈) ကားလမ်းမ ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ကြား လမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ပွားနေသည့်အပြင် စစ်ကောင်စီယာဉ်တန်း ပစ် ခတ်တိုက်ခိုက် ခံရသည့် ဖြစ်စဉ်၊ အရပ်သားကားများ၊ ကုန်တင်ကားနှင့် ဆိုင်ကယ်များ ပစ်ခတ်ခံရသည့် ဖြစ်စဉ် လည်း ဆက်တိုက်ရှိလာခဲ့သည်။
ရေး – သံဖြူဇရပ် ကားလမ်းတလျှောက်တွင် နှစ်ဖက်တိုက်ပွဲအကြား လူထိခိုက် သေဆုံးမှုရှိခဲ့သလို နှစ်ဖက်တပ်ဖွဲ့ တို့ ပစ်ခတ်မှုကြောင့်လည်း လူထိခိုက် သေဆုံးမှုရှိခဲ့သည်။