တပ်ကြပ်ကြီး မင်္ဂလာပွဲ ပြင်ဆင်နေစဉ် အနီးရှိ စစ်ဆေးရေးဂိတ် တိုက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၈ ရက်။
တနင်္သာရီတိုင်း ပုလောမြို့ အခြေစိုက် ခလရ – ၂၈၅ တပ်ရင်းမှ တပ်ကြပ်ကြီးစာရေး မင်္ဂလာဧည့်ခံပွဲ ကျင်းပရန် ပြင်ဆင်နေချိန်တွင် အနီးရှိ စစ်ဆေးရေးဂိတ်ကို ဝင်တိုက်ခံရ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
ပုလောမြို့နှင့် အနီးဆုံးကပ်နေသည့် မကျည်းကုန်းကျေးရွာရှိ ခလရ ၂၈၅ တပ်ရင်း၏ စစ်ဆေးဂိတ်စခန်းတစ်ခု ပစ်ခတ် တိုက်ခိုက်ခံခဲ့ရသည်ဟု ရွာသားများက ပြောသည်။
မင်္ဂလာဆောင်သည့် သတို့သားသည် ခလရ ၂၈၅ တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသည့် တပ်ကြပ်ကြီး စာရေး ဖြစ်ပြီး အမျိုးသမီးမှာ တပ်ရင်းအနီးနေထိုင်သည့် မကျည်းကုန်းရွာသူ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဇွန်လ ၂၅ ရက်နေ့၊ နံနက် ၇ နာရီခွဲခန့်က ပစ်ခတ်ခံရခြင်းဖြစ်ပြီး နှစ်ဘက် အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့သည်။
အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက “ဂိတ်ကရော တပ်ရင်းထဲကပါ စက်သေနတ်တွေနဲ့ ပြန်ပစ်သံတွေ ကြားရတယ်။ လူထိခိုက်မှုတော့ ညနေပိုင်းအချိန်ထိ ဘာမှပြောဆိုသံ မကြားရသေးပါဘူး” ဟု ပြောသည်။
မကျည်းကုန်းကျေးရွာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်အား ပစ်ခတ်တိုက်ခိုက်မှုကို ပုလောဒေသ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ – PRDF မှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု ပြန်ကြားရေးတာဝန်ရှိသူမှ ပြောသည်။
ထို့အပြင် ဇွန်လ ၂၄ရက်နေ့၊ မွန်းလွဲ ၂နာရီအချိန်ခန့်တွင်လည်း ပုလောမြို့နယ်၊ ပလောက်မြို့ရှိ ပျူစောထီး ခေါင်း ဆောင်၊ ဒု-ခေါင်းဆောင်နှင့် ပျူစောထီးအဖွဲ့ဝင်တစ်ဦးတို့ နေအိမ်သို့ ပုလောစစ်ကြောင်း (၁) က ဝင်ရောက်စီးနင်းခဲ့ရာ ပျူစောထီး ဒု-ခေါင်းဆောင် အပါအဝင် ပျူစောထီးနှစ်ဦးအား ရှင်းလင်းနိုင်ခဲ့ကြောင်း ပုလောစစ်ကြောင်း (၁) ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အလားတူ မြိတ်ခရိုင် ပုလောမြို့နယ် ပဝတ်ကုန်းနှင့် ကဒဲကျေးရွာ အနီးတွင် ဇွန်လ ၁၇ ရက်နေ့ နေ့လယ်ပိုင်းတွင် PDF က ရှောင်တခင် စစ်ဆေးနေချိန် စစ်ကောင်စီတပ်ဖွဲ့က လာရောက် ပစ်ခတ်မှုကြောင့် နှစ်ဖက် တိုက်ပွဲဖြစ် ပွားခဲ့ပြီး အရပ်သားတစ်ဦး ကျည်ထိမှန်သေဆုံးကာ ခရီးသည် အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့၊ ညနေ ၃ နာရီခွဲ အချိန်ခန့်ကလည်း မကျည်းကုန်းကျေးရွာ စစ်ကောင်စီ ဂိတ်စခန်း အနီးနေထိုင်သည့် ကဒဲကျေးရွာ အလယ်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်စုလတ်ဖြူ နေအိမ်တွင် ပစ်သတ်ခံခဲ့ ရသေးသည်။