ရေတပ် အရာရှိ အပါအဝင် ၂၇ ဦး လက်နက်နှင့် အတူ ထွက်ပြေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက်။
စစ်ကောင်စီ၏ မောရဝတီရေတပ် ဌာနချုပ်မှ အရာရှိအပါအဝင် တပ်ဖွဲ့ဝင် ၂၇ ဦးတို့ ကင်းလှည့်ရာမှ လက်နက်များနှင့်အတူ ထွက်ပြေး သွားကြ သည်ဟု တပ်တွင်း သတင်းအရင်းအမြစ်များက ပြောသည်။
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ အုန်းပင်ကွင်းကျေးရွာရှိ မောရဝတီ ရေတပ်ဌာနချုပ်မှ အရာရှိ၊ တပ်ကြပ်၊ ဒုတပ်ကြပ် အပါအဝင် တပ်ဖွဲ့ဝင် ၂၇ ဦးတို့ စစ်ကားသုံးစီးဖြင့် ညကင်း လှည့်ပတ်နေရာမှ ထွက်ပြေးခဲ့ကြခြင်း ဖြစ်သည်။
ရေတပ်တွင်း သတင်းအရင်းအမြစ်တစ်ဦးက “ညကထွက်ပြေးသွားတာက အားလုံး ၂၇ ယောက်ပါ၊ ကံပေါက် ဘက် ကားသုံးစီးနဲ့ ညကင်းပတ်ရင်း ထွက်ပြေးသွားကြတာ၊ မနက်အထိ တပ်ထဲကို ကားသုံးစီးစလုံး ပြန်မ ရောက်လာတော့မှ ထွက်ပြေးသွားကြမှန်းသိရတယ်။ ကားတွေကိုတော့ ကလိန်အောင် – ကံပေါက်လမ်းပိုင်းမှာ ပစ်ထားခဲ့တယ်” ဟု ပြောသည်။
အဆိုပါ မောရဝတီရတပ်မှ အဖွဲ့သည် ဇူလိုင်လ ၃ ရက်နေ့ ကစပြီး စခန်းထဲကို ပြန်မလာတော့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အလားတူ ဇွန်လ ၂၇ ရက်နေ့ကလည်း ရေတပ် အရာရှိ အပါအဝင် ၁၂ ဦး လက်နက်များနှင့်အတူ ကင်းလှည့်ရာမှ ထွက်ပြေးသွားခဲ့ခြင်းကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူ အရာရှိများ စစ်ဆေးခံနေရဆဲ ဖြစ်ပြီး ယခုထွက်ပြေး
သူ ၂၇ ဦးနှင့် ဆိုပါက တစ်ပတ်အတွင်း ထွက်ပြေးသူ ၃၉ ဦးအထိ ရှိလာနေပြီဖြစ်သည်ဟု ရေတပ်နှင့် နီးစပ်သူ များက ဆိုသည်။
ထွက်ပြေးသွားသည့် စစ်ကောင်စီရေတပ်သားများ ပြန်လည် ဖမ်းဆီးရမိရေးအတွက် ကား ၆ စီးဖြင့် ရောက်ရှိလာ သည့် မောရဝတီရေတပ်မှ ကံပေါက် – ကလိန်အောင် လမ်းပိုင်း ဖြတ်သန်းသွားလာခွင့်ကို ပိတ်ထားခဲ့ပြီး ရှာဖွေမှု များ လုပ်ခဲ့သော်လည်း ယနေ့အချိန်ထိ ပြန်မတွေ့သေးဘူးဟု ဆိုသည်။
ကံပေါက်လမ်းဆုံ၊ ဂန့်ဂေါ်တောင်ရွာအဝင်၊ ဂန့်ဂေါ်တောင် ဘုန်းကြီးကျောင်းအနီး နှင့် သစ်တောရုံး လမ်းဆုံ စသည့်နေရာ လေးခုတို့တွင်လည်း ပိတ်ဆို့ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်မှ ကလိန်အောင်လမ်းပိုင်းရှိ သဲအေးတောင်ကြောများ တစ်လျောက်သို့ စစ်ကြောင်းထိုး တော နင်းကာ အပူတပြင်းလိုက်လံရှာဖွေနေကြသော်လည်း ပြန်လည် ဖမ်းဆီးရမိသူ မရှိသေးဘူး ဆိုကြသည်။
ထိုရက်ပိုင်းအတွင်း ကံပေါက် – ထားဝယ်ပြေးဆွဲနေသည့် ခရီးသည်တင်ကားများနှင့် သုံးဘီးဆိုင်ကယ် စျေးသည် များထဲတွင် ကံပေါက်မှ ကားများကိုသာ အဝင်လက်ခံပေးခဲ့ပြီး ကျန်ထားဝယ်ဘက်မှ ကားများမှာ လှည့်ပြန်လာခဲ့ ကြရသည် ဟု လမ်းပိတ်ဆို့ခံခဲ့ရသည့် ထားဝယ်မြို့မှ ကားသမားတစ်ဦးကပြောသည်။
ကလိန်အောင် – ကံပေါက်လမ်းပိုင်းကိုသာ ဖြတ်သန်းသွားလာခွင့်ပိတ်ထားသော်လည်း ရေး – ထားဝယ် သွား ပြည်ထောင်စုလမ်းမကြီး အပိုင်းကိုမူ သွားခွင့်ပြုထားခဲ့သည်ဟု ဆိုကြသည်။
၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း မောရဝတီရေတပ်မှ ဆေးမှူး ဗိုလ်ကြီးအပါအဝင် တပ်ဖွဲ့ဝင် ၁၂ ဦး ထွက်ပြေး သွားခဲ့ကြသည့် အပြင် အောက်တိုဘာ လကုန်ပိုင်းတွင်လည်း ရေတပ်တပ်ဖွဲ့ဝင် ၅ ဦး လက်နက်များဖြင့် ထွက် ပြေးသွားခဲ့သေးသည်။
စစ်အာဏာ သိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ မောရဝတီ ရေတပ်ဌာနချုပ်တပ်စခန်းမှ မကြာခဏ လက်နက် များဖြင့် ထွက်ပြေးသူ စစ်သား ၆၀ ဦးခန့် ရှိနေပြီဖြစ်ကြောင်း နှင့် အခွင့်မသာသေးသည်များကြောင့် အချိန်အခါ စောင့်နေကြရသူများလည်း ရှိနေသေးကြောင်း တပ်တွင်း သတင်းအရင်းအမြစ်များက ဆိုသည်။