ထားဝယ်ခရိုင်အတွင်း ရဲစခန်းနှစ်ခုကို ပြည်သူ့ ကာကွယ်ရေးအဖွဲ့များက ဒရုန်းဖြင့် တိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၅ ရက်။
လုံခြုံရေး တင်းကြပ်ထားသည့်ကြားမှ ထားဝယ်ခရိုင်အတွင်းရှိ ရဲစခန်းနှစ်ခုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သည်ဟု ဗထူးစစ်ကြောင်းမှ သတင်းထုတ် ပြန်ထားသည်။
၂၄ နာရီအပြည့် လုံခြုံရေးယူထားသည့် လောင်းလုံးမြို့နယ် မောင်းမကန် နယ်မြေရဲစခန်းနှင့် ရေဖြူမြို့နယ်မှ ရေဖြူ မြို့မရဲစခန်းတို့ကို တနေ့တည်း၌ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။
တိုက်ခိုက်မှုများကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-LLPDF၊ Guerrilla Revolutionary Force – DGRF (ထားဝယ်-ပကဖ) နှင့် YePhyu People Defence Force – YPPDF တို့ ပူးပေါင်းပါဝင်သည့် ဗထူး စစ်ကြောင်း မှ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖေါ်ပြထားသည်။
မောင်းမကန်ရဲစခန်းအား မွန်းလွဲ ၂ နာရီခန့်တွင် ၄၀ မမ ဗုံးသီးဖြင့် နှစ်ကြိမ် သွားရောက် တိုက်ခိုက်ခဲ့ပြီးနောက် ရေဖြူ မြို့မရဲစခန်းကိုလည်း ညနေ ၅ နာရီခွဲ အချိန်ခန့်တွင် ၄၀ မမ ဗုံးသီးတစ်လုံးချကာ တိုက်ခိုက်ခဲ့သည်ဟု LLPDF တာဝန်ရှိသူက ဆိုသည်။
“မောင်းမကန်ရဲစခန်းထဲက အဆောင်နှစ်ခုကြားကို ဗုံးသီးတွေကျတယ်၊ ရေဖြူရဲစခန်းမှာလည်း ဘန်ကာ နှစ်ခု ကြားကိုကျတယ်။ လူထိခိုက်မှုများနိုင်တယ်၊ စခန်း ၂ ခုစလုံးထဲမှာ ပြေးလွှားနေကြတာတွေ တွေ့ရတယ်” ဟု တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
တိုက်ခိုက်ခံရသည့် ရဲစခန်း နှစ်ခုစလုံးအတွင်းမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များဘက်မှ ထိခိုက်မှု တစ်စုံတစ်ရာမရရှိခဲ့ဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို ဇွန်လ ၂၇ ရက်နေ့က တပြိုင်တည်း လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။
အလားတူ ဇွန်လ ၂၃ ရက်နေ့၊ နံနက်ပိုင်းကလည်း ပြည်သူ့ကာကွယ်ရေးတပ်များက မောင်းမကန် ရဲစခန်းအနီး ကင်းလှည့်နေသည့် ရဲကားကို စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး တစ်နာရီခန့်အကြာတွင် ရဲစခန်းအတွင်းသို့ ဒရုန်းဖြင့် ဗုံးသီးနှစ်လုံးချကာ ထပ်မံတိုက်ခိုက်ခဲ့သေးသည်။
ရဲကား တိုက်ခိုက်ခံရစဉ် ဒု-ရဲအုပ် အောင်သူထွန်း နှင့် ရဲတပ်ကြပ်ကြီး ရဲညွန့်တို့ သေဆုံးခဲ့ပြီး တပ်ဖွဲ့ဝင်နှစ်ဦး လည်း ထိခိုက်ဒဏ်ရာရသွားခဲ့သည်။
ထိုတိုက်ခိုက်မှုများကိုလည်း LLPDF တပ်ဖွဲ့နှင့် YPPDF တပ်ဖွဲ့တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဇွန်လဆန်း ပိုင်းမှစတင်၍ ထားဝယ်ခရိုင်အတွင်း အကွက်စိပ်စိပ်ဖြင့် ပြည်ထောင်စုလမ်းမကြီးတလျောက်ရှိ စစ်ကောင်စီ ဂိတ်စခန်းများကို တိုက်ပွဲများ ဖေါ်ဆောင်နိုင်ခဲ့ရာ နေရာအတော်များများကိုလည်း စိုးမိုးထားနိုင်နေပြီ ဖြစ်ကြောင်း LLPDF တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီနှင့် PDF တပ်များအကြား စစ်ရေးတင်းမာနေခြင်းကြောင့် ပြည်သူများအနေဖြင့် ခရီးသွားလာသည့် အချိန် စစ်ကောင်စီစခန်း ချထားသည့်နေရာများ၊ ရဲစခန်း၊ တပ်ရင်း၊ စစ်ကောင်စီ ယာဉ်တန်းများနှင့် နီးကပ်စွာ သွားလာခြင်းမျိုးများကို ရှောင်ရှားကြရန်အပြင် တိုက်ပွဲများ အချိန်ခါမရွေး ဖြစ်ပေါ်လာနိုင်သည့်အတွက် ရေတံခွန်များသို့လည်း အပျော်အပါး သွားရောက်လည်ပတ်ခြင်းများ မပြုလုပ်ကြပါရန် ပြည်သူ့ကာကွယ်ရေး တပ်များက ထုတ်ပြန်တိုက်တွန်းထားသည်။