ပုသိမ်တွင် ကုန်ဈေးနှုန်းများ တဟုန်ထိုးတက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၅ ရက်။

ပုသိမ်မြို့တွင် ရက်ပိုင်းအတွင်း အခြေခံစားသောက် ကုန်ဈေးနှုန်းများ တဟုန်ထိုးမြင့်တက်လာနေသည်ဟု ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် နေ့စဉ်မဖြစ်မနေ ဝယ်ယူစားသုံးနေရသည့် ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ သားငါးနှင့် ဟင်းသီးဟင်းရွက် ဈေးနှုန်းများမှာ ဇွန်လနောက်ဆုံးပတ်မှ စတင်ကာ ဈေးကြီးလာခြင်းဖြစ်သည်ဟု အသက် ၃၅ နှစ်ခန့် အမျိုးသမီးတစ်ဦးက ပြောသည်။

အဓိက စားသောက်ကုန် တစ်မျိုးဖြစ်သည့် ဆန်ဈေးနှုန်းများ တက်သွားပြီး ဧရာဝတီ ပေါ်ဆန်းတစ်ပြည်ကို ယခင် ၃၈၀၀ ကျပ်မှ ယခု ၄၄၀၀ကျပ်၊ ရွှေသွယ်တစ်ပြည်ကို ယခင်က ၃၄၀၀ ကျပ်မှ ယခု ၃၇၀၀ ကျပ် ဖြစ်သွားသည် ဟု ဆန်လက်လီ ရောင်းချနေသူတစ်ဦး က ပြောသည်။

ဆက်လက်ပြီး ယခုရောင်းသော ဆန်ဈေးသည် နောက်နေ့ပြန်ဝယ်ချိန်တွင် ရောင်းခဲ့သော ဈေးထက် မြင့်တက် နေသဖြင့် နောက်နေ့တွင်ပါ ထပ်မံ ဈေးတက်ကာ ရောင်းနေရသဖြင့် ပုံသေဈေးနှူန်းပင် မရှိတော့ဘူးဟု စျေးသည်များ ပြောသည်။

“ဆန်ဈေးကမှ တော်သေးတယ်။ ဆီဈေးက ပိုဆိုးတယ်။ အခုတစ်မျိုး တော်ကြာတစ်မျိုး ဆိုင်အဝင်နဲ့ အထွက် မှာကို ခုန်တက်သွားတာ။ တစ်ပိဿာကို ၅၀၀ ကွာသွားတာ။ ဟိုဘက်ဒီဘက် လှည့်ရုံလေးတင် ထပ်ဝယ်တော့ ဈေး တက်သွားပြီတဲ့တော်” ဟု အသက် ၅၀ ခန့် ဈေးဝယ် အမျိုးသမီးတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့က ပဲလတ်ဆီ တစ်ပိဿာလျှင် ၇၄၀၀ ကျပ်သာရှိခဲ့ပြီး နောက်တစ်နေ့တွင် ၇၈၀၀ ကျပ် ဈေးပေါက်နေသည်ဟု ဆိုသည်။ အဆိုပါ ဆီစျေးမှာ ဇွန်လ ၂၉ ရက်နေ့တွင် ၈၅၀၀ ကျပ်အထိ ဈေး‌မြောက် သွားခဲ့သည်ဟု စားဆီလက်လီရောင်းချသူ ဈေးသည်တစ်ဦးကပြောသည်။

“ဆန်၊ ဆီ၊ သားငါး၊ ကြက်သွန် အကုန်ဈေးတက်တယ်။ နောက်ဆုံး ကန်ဇွန်းရွက် ချဉ်ပေါင်ရွက်ကအစ နှစ်ဆ ဈေးတက်သွာတယ်။ မတက်တာက ဝင်ငွေပဲ” ဟု အမှတ် ၂ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးကပြောသည်။

ပုသိမ်မြို့တွင် ကုန်ဈေးနှူန်းများ ကျဆင်းစေရန် ဌာနဆိုင်ရာများအား ဟင်းသီးဟင်းရွက်များကို ဝယ်ယူစေပြီး ဈေးလျော့ရောင်းစေခြင်း၊ အစည်းအဝေးခေါ်ယူကာ ဈေးနှူန်းကြီးမြင့်ရသည်ကို ဝန်ကြီးချုပ်မှ အဖြေရှာခိုင်း ကြောင်း တိုင်းအစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်‌။

ဆက်ပြီး တိုင်းအစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက “ဘဲဥတစ်လုံး ၄၀၀၊ ကြက်ဥ တစ်လုံး ၃၅၀ ဘာကြောင့် ဖြစ် နေရတာလဲ။ မတရားဈေးနှူန်းတင်ပြီး ရောင်းနေတဲ့ သူတွေကို အရေးယူရမယ်လို့လည်း ဝန်ကြီးချုပ်ကပြောသေး တယ်” ဟု ပြောသည်။

စစ်ကောင်စီမှ ထိန်းချုပ်ထားသည့် နိုင်ငံပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ ရင်းနှီးမြုမ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ် (MICB)နှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့ကို ပိတ်ဆို့အရေးယူကြောင်း အမေရိကန်နိုင်ငံက ဇွန်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ပြီး ရက်ပိုင်းအတွင်း အ‌ခြေခံစားသောက်ကုန်များ ဈေးနှုန်းကြီးမြင့်လာခြင်း ဖြစ်သည်။