PDF တပ်များ ဝေဟင် မြေပြင် ပူးတွဲ စစ်ဆင်ရေး ပြုလုပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက်။
စစ်ကောင်စီ၏ ယာယီစခန်းတစ်ခုကို PDF ပူးပေါင်းတပ်ဖွဲ့များက ဝေဟင်နှင့် မြေပြင် ပူးပေါင်းစစ်ဆင်ရေးဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ကြသည်။
မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာ စာသင်ကျောင်းအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ် ယာယီ စခန်း ဝေဟင်မှ ဒရုန်းအပြင် မြေပြင်ကနေပါ ပူးပေါင်းတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟု ရွာသား များက ပြောသည်။
စစ်ကောင်စီ ဂိတ်စခန်းအတွင်းသို့ ဝေဟင်မှ ဒရုန်းဖြင့် ဗုံးသီး ၁၁ လုံးချကာ တိုက်ခိုက်ပြီး မြေပြင်တပ်ဖွဲ့များမှ လည်း အနီးကပ် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြရာ မိနစ် ၃၀ ခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု PDF ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
“ဂျိမ်း ဂျိမ်း ဆိုပြီး ဗုံးကွဲသံ ကြားပြီးတာနဲ့ သေနတ်သံတွေပါ အဆက်မပြတ် ပစ်သံတွေကြားရတယ်။ ကြားရတဲ့ အသံတွေက နှစ်ဘက် နီးနီးကပ်ကပ် ပစ်နေကြတာ” ဟု ရွာသားတစ်ဦးက ပြောသည်။
တိုက်ပွဲ ဖြစ်ပွားနေစဉ်အတွင်း ဇဝဲကျေးရွာနှင့် မဇောကျေးရွာများတွင် အခြေစိုက်ထားသည့် တပ်ရင်း ၂ ရင်း မှ စစ်ကြောင်း နှစ်ကြောင်းခွဲကာ စစ်ကူတက်လာနေခြင်းကြောင့် ပြန်ဆုတ်ခွာခဲ့ရသည်ဟု ရွာသားများက ပြော သည်။
စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တပ်စွဲထားသည့် စခန်းအား ဇူလိုင်လ ၄ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီခွဲ အချိန်ခန့် က တိုက်ခိုက်ခဲ့သည်ဟု ဘက်မလိုက် ပြောက်ကျားတပ်ဖွဲ့က ဇူလိုင်လ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ပြည်သူ့ ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များ ဖြစ်သည့် ဘက်မလိုက် ပြောက်ကျားတပ်ဖွဲ့၊ တနင်္သာရီ-ပကဖ၊ SWDF တပ်ဖွဲ့၊ မြိတ်ခရိုင် တပ်ရင်း (၂)၊ မြိတ်-ပကဖ တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၅ ဦး ပြင်းထန်ဒဏ်ရာများ ရရှိသွားခဲ့ပြီး ပြည်သူ့ ကာ ကွယ်ရေး မဟာမိတ်တပ်များဘက်မှ အထိအခိုက် အကျအဆုံးမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန် ချက်ထဲတွင် ဖေါ်ပြထားသည်။
တိုက်ပွဲ ဖြစ်ပွားပြီးနောက် တစ်နာရီကျော်ခန့် အကြာတွင် အရေးပေါ် လူနာတင်ကားနှစ်စီး ရောက်ရှိလာပြီး ထိခိုက်သေဆုံးသူများကို မြိတ်မြို့ဘက်သို့ တင်ဆောင်သွားခဲ့သည်ကို တွေ့မြင်လိုက်ရသည်ဟု ဒေသခံများက ဆို သည်။
နာရီဝက်ကြာ အနီးကပ်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီး အသုံးပြုခြင်းမရှိဘဲ နောက်ပိုင်းတွင် ပြည်သူ့ ကာကွယ်ရေးတပ်များ ပြန်ဆုတ်ချိန်တွင် ဆုတ်လမ်းဟု ယူဆရသည့် တုံးဗျောငယ်ကျေးရွာနှင့် လေးမိုင် ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ဇူလိုင်လ ၅ ရက်နေ့၊ နံနက်ပိုင်းအချိန်အထိ အချက် ၂၀ ခန့် အထိ ပစ်ခတ် ခဲ့သည်။
ယခုတိုက်ခိုက်ခံရသည့် တပ်စခန်းကို ပြီးခဲ့သည့် ဖေဖေါ်ဝါရီလအတွင်းကလည်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်များက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့ဘူးသည်။
တုံးဗျောကျေးရွာတွင် စစ်ကောင်စီတပ်၊ ပျူစောထီးများနှင့် ပြည်သူ့ကာကွယ်ရေး တပ်များ အကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။