ပူတာအို ခရိုင် ကျေးရွာတစ်ခုတွင် ရာသီတုတ်ကွေးဖြစ်၊ ဆေးခန်းမရှိ၍ အခက်ကြုံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက်။
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် လုံရှာယန်အုပ်စုရှိ တန်ဂျာကျေးရွာအတွင်း ရာသီတုတ်ကွေး ဖျားနာမှုများ ကြုံနေရပြီး ကျေးရွာထဲ ဆေးရုံ၊ ဆေးပေးခန်းပင် မရှိသောကြောင့် အခက်အခဲများ ဖြစ်နေကြသည်။
တန်ဂျာကျေးရွာက ဒေသခံများ မိုးရာသီဝင်လာသည်နှင့် တပြိုင်နက် ရာသီတုတ်ကွေး ဖျားနာမှုများကြောင့် ဆေးရုံဆေးခန်းမရှိလို့ ပူတာအိုအထိ ဆေးသွားကုသနေကြရသည်ဟု ဒေသခံများက ပြောသည်။
မိုးရာသီချိန် လမ်းပန်းဆက်သွယ်ရေး အခက်အခဲအပြင် ငွေကြေးအခက်အခဲများလည်း ရှိနေတယ်လို့ ဒေသခံ ရပ်မိရပ်ဖ တစ်ဦးက ပြောသည်။
“ဆေးပေးခန်းဆိုတာက ကျတော်တို့ ကျေးရွာမှာ အစိုးရဘက်ကနေ ဖွင့်ပေးတဲ့ ဆေးခန်းက မရှိပါဘူး။ ဒါပေ မယ့် တစ်ခါတစ်လေ NGO ကူညီထောက်ပံ့ရေး အဖွဲ့အစည်းဖြစ်တဲ့ ဝေါ်ခေါန်ဆန့်ကနေ ဆေးပေးမှုတော့ ရှိ တယ်။ ဒီမှာက ဘယ်အစိုးရဘက်ကနေလည်း ဆေးပေးခန်းပေးထားတာမျိုး မရှိပါဘူး။ ပြီးတော့ ရွာထဲမှာ လည်း ဆေးဆိုင် ဖွင့်ရောင်းတဲ့သူတွေလည်း မရှိပါဘူး။”
လက်ရှိတွင် ကျေးရွာသားများက ရာသီတုတ်ကွေး၊ ဝမ်းပျက်ဝမ်းလျှော၊ ခေါင်းကိုက်၊ နှာစေး၊ ပန်းနာရင်ကျပ် အပြင် ခန္ဓာကိုယ် ကိုက်ခဲခြင်းများ ဖြစ်နေသည်ဟု ဆိုကြသည်။ ထိုအထဲ၌ ကလေးများ၊ သက်ကြီးရွယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များတွင် အဖြစ်များနေသည်ဟု ဆိုသည်။
ကျေးရွာတွင် ဆေးရုံ၊ ဆေးခန်းမရှိသည့်အပြင် ဆေးရောင်းသည့်ဆိုင်၊ ဆေးပေးခန်းတို့ပင် မရှိသောကြောင့် ပိုမို အခက်အခဲဖြစ်နေသည်စု ရွာသားများက ပြောသည်။
နှစ်စဉ် ယခုကဲ့သို့ မိုးရာသီရောက်တိုင်း တုတ်ကွေးဖျားနာမှုများ ရှိခဲ့သော်လည်း ရှေ့နှစ်များတွင်လည်း သဘာဝ ဆေးရွက်၊ ဆေးမြစ်များနှင့်သာ ကုသခဲ့ရသည်ဟု ဒေသခံရွာသားများက ပြောသည်။
အချို့ ရောဂါများမှာ သဘာဝဆေးမြစ်များနှင့် ကုသ၍ရသော်လည်း ကြီးကြီးမားမား ရောဂါများမှာမူ ပူတာအိုမြို့ ရှိ ဆေးရုံကြီးအထိ သွားပြီး ဆေးကုသမှု ခံရယူကြရသည်ဟု ဆိုသည်။
လက်ရှိအချိန်တွင် ရောဂါဖြစ်ပွားမှု အခြေအနေက ပြင်းပြင်းထန်ထန် မဖြစ်သေးသော်လည်း မွေးကင်းစကလေး များနှင့် သက်ကြီးရွယ်အိုများ နေထိုင်မကောင်း ဖြစ်မှုက များနေသောကြောင့် စိုးရမ်ရသည်ဟု ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
“ဒါက နှစ်တိုင်းဖြစ်တယ်လို့ ပြောလို့မရဘူး။ တစ်နှစ်မဖြစ်ရင် နှစ်နှစ်ခြားပြီး တစ်ခါဖြစ်တတ်တယ်။ အရမ်း ဆိုး ရွားတဲ့ ချိန်ရှိသလို မနှစ်ကလည်း သိပ်ပြီးမဆိုးခဲ့ဘူးပေါနော်။ အဲတာက ကွာခြားချက်ပေါ့နော်။ အခုဖြစ်နေတာ ကလည်း အရမ်းဆိုးရွားတာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဖြစ်တာတော့ အိမ်တိုင်းပဲ။ ဒီကလေးရှိတဲ့အိမ်တိုင်းက ဖြစ်နေတာပေါ့။ ပြီးတော့ အသက်အရွယ်ရပြီးတဲ့ ဘိုးဘွားတွေ ရှိတဲ့အိမ်တွေနဲ့ မွေးကင်းစကလေး နို့စို့အရွယ် ကလေးငယ်နဲ့ မိခင်တွေ ရှိတဲ့အိမ်တွေတိုင်းက ဖျားနေကြတယ်။”
ဇွန်လဆန်းက စတင်ပြီး ရာသီတုတ်ကွေး ဖျားနာမှုများ တန်ဂျာကျေးရွာအတွင်း ဖြစ်လာခဲ့သည်ဟု ဆိုကြသည်။
လူဦးရေ ၆၀၀ ကျော်ရှိသည့် တန်ဂျာကျေးရွာက ပြည်သူများထဲ ၂၀၀ ခန့်က ရာသီတုတ်ကွေးဖျားနာနေခြင်း ကြောင့် အခြေအနေကို စောင့်ကြည့်နေရသည် ဆိုသည်။
တန်ဂျာရွာသားများကမူ ၎င်းတို့၏ ရွာ၌ ကျေးလက်ဆေးပေးခန်း ဆောက်လုပ်ပေးကာ ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်း ဆရာ/ဆရာမများ ချပေးရန် တောင်းဆိုနေကြသည်။