သံဖြူဇရပ် NLD ရုံး အဆောက်အအုံကို ချိပ်ပိတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၉ ရက်။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ရုံးခန်း ငှားရမ်းဖွင့်လှစ်ခဲ့သည့် အဆောက်အအုံတစ်ခုကို စစ်ကောင်စီက ချိပ်ပိတ်လိုက်သည်။

NLD ရုံးခန်း ငှားရမ်းဖွင့်လှစ်ခဲ့သည့် သံဖြူဇရပ်မြို့၊ ဗိုလ်နေဝင်းလမ်း၊ အောင်ဇေယျရပ်ကွက်ရှိ ဒေါ်မြင့်မြင့်ခိုင် ဆိုသူ ပိုင်ဆိုင်သည့် နေအိမ်ခြံဝင်းအတွင်းရှိ (၆ x ၈) ပေ၊ အုတ်ခင်း၊ အုတ်ကာ၊ သွပ်မိုး အဆောက်အအုံကို စစ်ကောင်စီအဖွဲ့က ချိပ်ပိတ်လိုက်ခြင်း ဖြစ်သည်။

NLD နှင့် နီးစပ်သူတစ်ဦးက “အဲဒီအဆောက်အအုံက ဒေါ်မြတ်သီတာထွန်းလည်း ငှားရမ်းနေထိုင်ခဲ့တယ်။ အခု အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ပတ်သတ်တယ်ဆိုပြီး ချိပ်ပိတ်သွားတာ။ ငှားပြီး နေခဲ့တာလေ သူတို့နဲ့ ဘာမှ မဆိုင်တဲ့ဟာကို ချိပ်သွားတာ။ လုပ်ချင်သလိုကို လုပ်နေကြတာ” ဟု ပြောသည်။

အဆိုပါ အိမ်ကို ဇူလိုင်လ ၅ ရက်နေ့ ညနေပိုင်းက လာရောက်ချိပ်ပိတ်သွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အဆောက်အအုံကို သံဖြူဇရပ်မြို့နယ် NLD လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်မြတ်သီတာထွန်း လည်း ငှားရမ်းနေထိုင်ခဲ့ပြီး အကြမ်းဖက် အဖွဲ့အစည်းများနှင့် ပတ်သက်သည်ဆိုပြီး ချိပ်ပိတ်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲတုန်းက သံဖြူဇရပ်မြို့နယ် NLD အမျိုးသား လွှတ်တော်ကိုယ်စားအဖြစ် အနိုင်ရရှိထားသူ ဒေါ်မြတ်သီတာထွန်းကို စစ်ကောင်စီက အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀-က၊ ၅၂-က ဖြင့် အမှုဖွင့်ခဲ့ ပြီး ထွက်ပြေးတိမ်းရှောင်နေရသည်။

လက်ရှိတွင် ဒေါ်မြတ်သီတာထွန်းသည် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၏ နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသည်။

အလားတူ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့ရှိ ဖမ်းဆီးခံထားရသူ ၃ ဦး၏ နေအိမ် ၃ လုံးကို PDF များနှင့် ဆက်သွယ် သည်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက လိုက်လံချိပ်ပိတ်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဖမ်းဆီးခံထားရသူများမှာ ကိုနိုင်ဝင်း၊ ကိုညဏ်ဌေးနှင့် ကိုကောင်းခန့်ထက်တို့ ဖြစ်ပြီး အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉-က၊ ၅၁-ဂ၊ ၅၂-က ပုဒ်မများဖြင့် တရာစွဲဆိုခံထားရသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြော သည်။

ထို့အပြင် ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့ကလည်း ‌ကျိုက်မရောမြို့နယ် NLD ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဟောင်း ဒေါ်ခင်မျိုးမြင့် ပိုင်ဆိုင်သည့် နေအိမ်ကို စစ်ကောင်စီက ချိတ်ပိတ်ခဲ့သေးသည်။

အကြမ်းဖက် အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်သည်ဟု ဆိုပြီး မွန်ပြည်နယ်အတွင်းရှိ NLD ပါတီ ထိပ်ပိုင်း ခေါင်းဆောင်၊ လွှတ်တော် ကိုယ်စားလှယ်ဟောင်း၊ ပါတီဝင်များ၊ ပါတီဝန်းရံ ထောက်ခံသူများ၏ နေအိမ်များ၊ ပိုင်ဆိုင်မှုများကို စစ်ကောင်စီက ချိပ်ပိတ်မှု ဆက်တိုက်ပြုလုပ်လာခဲ့သည်။

NLD က ထုတ်ပြန်ထားချက်အရ စစ်တပ် အာဏာသိမ်းထားသည့် နှစ်နှစ်ကျော်ကာလအတွင်း မွန်ပြည်နယ် အပါ အဝင် တနိုင်ငံလုံးက အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ NLD လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ပါတီ ဝင်များ၊ အရပ်သားပြည်သူများ စုစုပေါင်း ၆၂၅ ဦး၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများကို စစ်ကောင်စီက ချိပ်ပိတ် သိမ်း ဆည်းခဲ့သည်။