မိုင်းခွဲခံရသည့် ကျိုက်ထီးရိုး တောင်တက်လမ်းတံတား ပြင်ဆင်မှု မရှိသေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၉ ရက်။
မွန်ပြည်နယ်၊ ကျိူက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီ တောင်တက်ကားလမ်းပေါ်ရှိ လေးဖာတောတံတား မိုင်းဖောက်ခွဲ ဖျက်ဆီးခံရပြီး ယခုအချိန်ထိ လာရောက်ပြင်ဆင်ခြင်း မရှိသေးဘူးဟု အနီးအနားရှိ ဒေသခံများက ပြောသည်။
ကျိုက်ထီးရိုးတောင်တက် ကားလမ်း ၁၀ မိနစ် ယာဥ်ရပ်နားစခန်း အကျော်ရှိ လေးဖာတောတံတားသည် ဇူလိုင်လ ၆ ရက်နေ့ ညနေပိုင်းက ၃ နာရီခွဲအချိန်ခန့်က မိုင်းဖောက်ခွဲ ဖျက်ဆီးခံရခြင်း ဖြစ်သည်။
ကင်းမွန်စခန်းနေသူတစ်ဦးက “မိုးတွင်းမှာဆိုတော့ ဘုရားဖူးကရှိတော့ ရှိတယ်။ နည်းတယ်ပေါ့။ ကားအတက် အဆင်းက နည်းပေမယ့် တောင်ပေါ်မှာနေတဲ့ လူတွေ အတက်အဆင်းက ရှိနေတယ်။ အခု ကားတွေ အတက် အဆင်း မရတော့ဘူးဆိုတော့ သူတို့အတွက် အသွားအလာက ခက်ခဲသွားမှာပေါ့” ဟု ပြောသည်။
မိုင်းဖောက် ခွဲခံရမှုကြောင့် အရှည် ပေ ၇၀ ခန့်ရှိသည့် လေးဖာတောတံတား ပြိုကျပျက်စီးသွားခဲ့ပြီး ပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် ကား၊ လူ ဖြတ်သန်းသွားလာမှု မရှိသည့်အတွက် လူထိခိုက်မှုမရှိခဲ့ပေ။
လက်ရှိတွင် ကျိုက်ထီးရိုး တောင်တက်မော်တော်ယာဉ်များ ဖြတ်သန်းသွားလာလို့မရတော့သည့်အတွက် တောင် ပေါ်ရှိ ဘုရားဖူးအချို့ တောင်အောက်ဆင်းရန်နှင့် ကျိုက်ထီးရိုးတောင်ပေါ်ရှိ ဒေသခံများ အတက်အဆင်း ပြု လုပ်ရန် အခက်အခဲ ကြုံနေရသည်ဟုလည်း ဒေသခံများက ပြောသည်။
ကျိုက်ထီးရိုး ဘုရားပွဲတော် ကာလကို သီတင်းကျွတ် လပြည့်ကနေ ကဆုန်လပြည့်နေ့အထိ သတ်မှတ်ထား သော် လည်း မိုးတွင်းကာလတွင်လည်း ဘုရားဖူးလာရောက်မှုများ ရှိနေကြောင်း ဘုရားဂေါပကအဖွဲ့ တာဝန်ရှိသူ တစ်ဦး က ပြောသည်။
ကျိုက်ထီးရိုး တောင်တက် ကားလမ်းပေါ်က လေးဖာတောတံတားကို ကရင်အမျိုးသား အစည်းအရုံး KNU တပ်မ ဟာ (၁) လက်အောက်ခံတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တို့က မိုင်းဖောက်ခွဲခဲ့ကြောင်း ထုတ်ပြန် ထားသည်။
စစ်ကောင်စီတပ်တို့က ကျိုက်ထီးရိုး တောင်တက် ကားလမ်းကို အသုံးပြုပြီး သွားလာနေသည့် အပြင် ရိက္ခာနှင့် လက်နက်များ သယ်ယူပို့ဆောင်နေသည့် အတွက် ယခုကဲ့သို့ မိုင်းဖောက်ခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုထားသည်။
အလားတူ ကျိုက်ထိုမြို့နယ်၊ သံတောင်ကျေးရွာအနီးရှိ သဲဖြူချောင်းတံတား ဒရုန်းဖြင့် တိုက်ခိုက်ခံရသော်လည်း တံတား ထိခိုက်ပျက်စီးမှု မရှိခဲ့ပေ။
ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့ကလည်း သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ် အကြားရှိ ကျုံအိတ်တံတားကို KNU တပ်မဟာ (၁) လက်အောက်ခံတပ်နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့က မိုင်းဖောက်ခွဲခဲ့ပြီး တံတား တစ်ခြမ်း ပျက်စီးသွားခဲ့သည့်အပြင် ခရီးသွား ထိခိုက်သေဆုံးမှုလည်း ရှိခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလကလည်း ကျိုက်ထီးရိုး ကင်းမွန်းစခန်း တောင်တက် ကားဂိတ်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဘုရားဖူး ၃ ဦး သေဆုံးကာ ၁၀ ဦးထက် မနည်း ထိခိုက် ဒဏ်ရာရရှိ ခဲ့သေးသည်။
ကျိုက်ထီးရိုး ဘုရားတောင်ခြေရှိ ကင်းမွန်ချောင်း နယ်မြေ ရဲစခန်းကိုလည်း ဒေသတွင်း လှုပ်ရှားနေသည့် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က မကြာခဏ ဝင်ရောက် ပစ်ခတ်တိုက်ခိုက် လေ့ရှိကြောင်း ဒေသခံများက ပြောသည်။
ကျိုက်ထိုမြို့နယ် အတွင်း စစ်ကောင်စီတပ်နှင့် KNU/KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့က ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် အပြင် စစ်ကောင်စီစခန်းများ၊ ဂိတ်များနှင့် စစ်ကောင်စီ ယာဥ်တန်းများကိုလည်း ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်ပစ်ခတ် တိုက်ခိုက်လေ့ရှိသည်။