ရန်ကုန်-မော်လမြိုင်လမ်း မိုင်းကွဲ၊ ဆိုင်ကယ်မောင်းသူ ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်။

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် မိုင်းပေါက်ကွဲပြီး ဘေးတွဲဆိုင်ကယ် မောင်းနှင်လာသည့် အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြော သည်။

ဇူလိုင်လ ၁၁ ရက်နေ့ (ယမန်နေ့)၊ နံနက် ၇ နာရီခွဲဝန်းကျင် အချိန်ခန့်က မြေနီကုန်းကျေးရွာအနီး မိုင်းပေါက်ကွဲမှု ဖြစ်စဥ်တွင် နောင်ကုလားကျေးရွာဘက်မှ သထုံမြို့ဘက်သို့ ဖြတ်သန်းမောင်းနှင်လာသည့် ဘေးတွဲဆိုင်ကယ်တစ်စီး ထိမှန်သွားခဲ့ခြင်း ဖြစ်သည်။

မိုင်းထိမှန်မှုကြောင့် ဘေးတွဲဆိုင်ကယ် မောင်းနှင်သူ နောင်ကုလားကျေးရွာနေ အသက် ၄၅ နှစ်အရွယ် ဦးအောင် မြင့်ကြည် (ခ) ကိုမောင်စီးဆိုသူသည် ဝမ်းဗိုက်၊ ပေါင်နှင့် ခြေထောက်တို့တွင် ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

မိုင်းစ ထိမှန်ဒဏ်ရာရရှိသူကို လူမှုကယ်ဆယ်ရေးအဖွဲ့များ အကူအညီဖြင့် သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြပြီး ထိုမှတဆင့် ရန်ကုန်ဆေးရုံသို့ လွှဲပြောင်း ပို့ဆောင်ပေးခဲ့ရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိ သူများက ပြောသည်။

“ဒီလမ်းပိုင်းတလျှောက်မှာ ပစ်ခတ်မှုတွေလည်း ခဏခဏဖြစ်နေတယ်။ ကားတွေ ဆိုင်ကယ်တွေ မိုင်းထိတဲ့ ဖြစ် စဥ်ကလည်း ခပ်စိပ်စိပ်ပါပဲ။ သွားလာတဲ့လူတွေလည်း ထိတယ်။ လမ်းမကြီးဆိုတော့ ဒီလို အန္တရာယ်ရှိလည်း သွားလာနေရတာပဲ။ ဘယ်လိုလုပ်ရမှာလဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင်မူ အဆိုပါ မိုင်းသည် ကရင်အမျိုးသားအစည်းအရုံး KNU နှင့် PDF တို့ ထောင်ထားသည့် မိုင်းဖြစ်ကြောင်း ရေးသားထားပြီး KNU/PDF ဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ရန်ကုန်-မော်လမြိုင် ကားလမ်းတလျှောက် သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြားတွင် စစ်ကောင်စီယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခံရသည့် ဖြစ်စဥ်၊ မိုင်းဆွဲတိုက်ခိုက်ခံရသည့် ဖြစ်စဥ်များ မကြာခဏ ဖြစ်ပွားလေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

ခရီးသည်တင် ယာဥ်များ၊ ကုန်တင်ယာဥ်များ၊ လူမှုကယ်ဆယ်ရေး ယာဥ်များနှင့် ဆိုင်ကယ်၊ ဘေးတွဲဆိုင်ကယ်များ မိုင်းဆွဲတိုက်ခိုက်ခံရသည့် ဖြစ်စဥ်များလည်း ဆက်တိုက်ရှိခဲ့ပြီး မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အရပ်သား ထိခိုက် တာ သေဆုံးမှုများလည်း ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ရန်ကုန်-မော်လမြိုင်ကားလမ်း၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြားရှိ ကျုံအိတ်တံတားကို ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ (၁) လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့တို့က ဇွန်လ ၂၉ ရက်နေ့က မိုင်းဖောက်ခွဲ ဖျက်ဆီးခဲ့သေးသည်။

ရန်ကုန်-မော်လမြိုင် လမ်းပိုင်းကို ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း သွားလာခြင်းမပြုရန် တောင်ပိုင်းစစ်ဒေသ အမှတ် (၂) စစ်ဒေသခွဲက ဇူလိုင်လ ၁ ရက်နေ့က ထုတ်ပြန်ထားသည်။

သတ်မှတ် လမ်းပိုင်းအတွင်း နေ့အချိန် ခရီးသွားလာရာတွင်လည်း မော်တော်ယာဉ်များ မှန်ချမောင်းနှင်ရန်နှင့် တာဝန်အရ စစ်ဆေးရာတွင်လည်း ကြည်ဖြူစွာ လက်ခံပေးရန် ဖော်ပြထားသည်။

ထိုထုတ်ပြန်ချက်အား လိုက်နာရန် ပျက်ကွက်ကြပါက ဖြစ်လာမည့် အကျိုးဆက်များကို စစ်ဒေသခွဲ(၂) မှ တာဝန် ယူမည်မဟုတ်ကြောင်းလည်း အသိပေး ထုတ်ပြန်ထားသည်။