မြိတ်တွင် ဥယျာဉ်ခြံသွားသူ တစ်ဦး မိုင်းနင်းမိ၊ ဒဏ်ရာပြင်းထန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်။

စစ်အုပ်ချုပ်ရေး ဒေသအဖြစ် သတ်မှတ်ခံထားရသည့် မြိတ်ခရိုင် ပုလောမြို့နယ် မင်းထိန်ကျေးရွာမှ ရွာသား တစ်ဦး ဥယျာဉ်ခြံသွားစဉ် မိုင်းနင်းမိပြီး ကိုယ်ခန္ဓာအောက်ပိုင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ခြေတောက်တစ်ဖက်ပါ ဖြတ်ရမည့် အခြေအနေမျိုးထိ ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု ရွာသားများက ပြောသည်။

မင်းထိန်ကျေးရွာ ဘောလုံးကွင်းဟောင်းအနီး ဇူလိုင်လ ၉ ရက်နေ့၊ ညနေ ၃ နာရီဝန်းကျင် အချိန်ခန့်က ဦးကုလား ဘိုင် အသက် ၅၀ နှစ်ဆိုသူသည် ဥယျာဉ်ခြံသို့ သွားစဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။

“မြိတ်ဆေးရုံမှာ ဆေးကုသနေရတယ်၊ ခြေထောက် တစ်ဘက်က အခြေအနေ မကောင်းဘူး။ ဖြတ်ပစ်ရမယ်လို့ ကြားရတယ်” ဟု အသက် ၃၅ ခန့်အရွယ် ရွာသားတစ်ဦးက ပြောသည်။

မင်းထိန်ကျေးရွာသို့ စစ်ကောင်စီတပ်များ မကြာခဏ စစ်ကြောင်းထိုးလေ့ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်များ လည်း လာရောက်ခဲ့ကြခြင်းကြောင့် နှစ်ဖက်ကြား တိုက်ပွဲများလည်း မကြာခဏ ဖြစ်ပွားတတ်သည်ဟု ဒေသခံ များက ဆိုသည်။

ဒေသခံများ၏ ပြောဆိုချက်များအရ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကမူ ဒေသခံများ သွားလာနေသည့် နေရာများ၊ ဥယျာဉ်ခြံသို့ သွားသည့် လမ်းများတွင် ယခုကဲ့သို့ မြေမြုပ်မိုင်းများ ထောင်ခြင်းကို မလုပ်ကြဘူးဟု ဆိုသည်။

သို့သော်လည်း ယခုနင်းမိသည့် မိုင်းမှာ မည်သည့်အဖွဲ့အစည်းဘက်က ထောင်ထားသည်ကိုမူ မသိရသေးပေ။

ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့ကလည်း ပလမြို့ ရဲစခန်းအနောက်ဘက် လယ်ကွင်းအတွင်း စပါးစိုက်ပျိုးရန် လယ် ထဲ ဆင်းသူတစ်ဦး မိုင်းနင်းမိ၍ ခြေထောက်တစ်ဘက် ဆုံးရှုံးခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့သည် အရပ် သားများ လုပ်ကိုင်စားသောက်ကြရသည့် ဥယျာဉ်ခြံသွားရာလမ်းများ၊ လယ်ယာများတွင် မိုင်းများကို ထောင်လေ့ ရှိသည်ဟု ဒေသခံများက ဆိုသည်။

အလားတူ ဇွန်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင်ပင် ပလမြို့အနီး မင်းပြင်ကျေးရွာ၊ ကိုးပင်တောင်နေရာ၌ သစ်ချသီး စေ့ ကောက်ရန်သွားသူ ဒေသခံ နှစ်ဦး မိုင်းနင်းမိခဲ့ရာမှ တစ်ဦးသေဆုံးပြီး တစ်ဦးမှာ မျက်စိ နှစ်ဖက်လုံး အမြင် အာရုံ ဆုံးရှုံးခဲ့ ရသေးသည်။

ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်ဘက်မှ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ် ခတ်နေမှုများကြောင့် ဒေသခံများ ကျည်စ ထိမှန်ဒဏ်ရာရသည့် ဖြစ်စဉ်များ အပြင် မြေမြုပ်မိုင်း နင်းမိခဲ့ခြင်းများ ကြောင့် မကြာခဏ ထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ဇွန်လတစ်လအတွင်း အရပ်သား ၂၃ ဦး သတ်ဖြတ်ခံရကြောင်း FE5 Tanintharyi သုတေသန အဖွဲ့က ထုတ်ပြန်ထားရာ သေဆုံးသွားသည့် အရပ်သားများသည် ပုလောမြို့နယ်မှ ၈ ဦး အများဆုံး ဖြစ်ပြီး၊ ကော့သောင်း၊ လောင်းလုံး၊ သရက်ချောင်းမြို့နယ်တို့မှ ၃ ဦးစီ၊ မြိတ်နှင့် တနင်္သာရီမြို့နယ်တို့မှ ၂ ဦးစီနှင့် ကျန်မြို့နယ်တို့မှာ ၁ ဦးစီ ဖြစ်သည်ဟု အဆိုပါ ထုတ်ပြန်ချက်က ဆိုသည်။

ထို့အပြင် ယခု သေဆုံးသူ ၂၃ ဦးထဲတွင် စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုနှင့် လက်နက်ကြီး နှင့် ပစ်ခတ်မှုများကြောင့် သေဆုံးခဲ့ရသည့် အရပ်သား ၁၀ ဦးခန့်ရှိပြီး စစ်ကြောရေး၌ နှိပ်စက်မေးမြန်းမှုတို့ထဲ သေဆုံးသွားသည့် ဖြစ်စဉ်များလည်း ရှိသည်ဟု ဆိုသည်။

တနင်္သာရီတိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုကလည်း တစ်လထက်တစ်လ ပိုမိုပြင်းထန်လာပြီး ဇွန်လအတွင်း၌ ပြည်သူ့ ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း အကြိမ် ၄၁ ခန့်ကြိမ်ဖြစ်ပွားခဲ့သည်ဟု FE5 Tanintharyi သုတေသန အဖွဲ့က ထုတ်ပြန်ထားသည်။