ရှမ်းမြောက်တိုက်ပွဲများအတွင်း အရပ်သား ထိခိုက်မှု ရှိနေ
သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများထဲ အရပ်သားများ ထိခိုက်မှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။
ကျောက်မဲမြို့နယ် မိုင်းငေါ့တွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် တအာင်းလွတ် မြောက်ရေး တပ်မတော် (PSLF/TNLA) တပ်တို့အကြားက တိုက်ပွဲထဲ ကျေးရွာခံ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဇူလိုင်လ ၁၀ ရက်နေ့၊ နံနက်ပိုင်း ၉ နာရီမှ ၁၁ နာရီ အချိန်ထိ နှစ်ဖက်တပ်တို့အကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
တိုက်ပွဲဖြစ်စဥ်နှင့် ပတ်သက်၍ ဒေသခံ အမျိုးသားတစ်ဦးက “TNLA တပ်သားတွေက မိုင်းငေါ့မြို့ အပြင်ဘက် တွေမှာ အကုန်နေရာအစုံ ရှိထားတယ်။ မြို့ထဲမှာတော့ စစ်တပ်တွေ ရှိထားတယ်။ စစ်တပ်က မိုင်းငေါ့မှာ ရှိတဲ့ သူနဲ့ ခွမ်ခါရွာဘက်မှာ ရှိတဲ့လူ ချိန်းဖို့လုပ်နေတယ်။ သူတို့က လူတွေချိန်းမယ်ဆိုတာ TNLA စီ သတင်း မပို့ထား တော့ တိုက်ပွဲက ဖြစ်ပွားလိုက်တယ်” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်းမှာ မိုင်းငေါ့မြို့နယ်၊ နမ့်တွေကျေးရွာခံ ၂ ဦးက ထိမှန်ဒဏ်ရာ ရရှိခဲ့သည်။ ကျောက်မဲမှ ရွာဘက်သို့ ပြန်လာချိန် လက်ဖက်ခြံတောလမ်းတွင် ၂ ဦးစလုံး မိုင်းထိကာ ဒဏ်ရာရရှိခဲ့ကြခြင်း ဖြစ်သည်။
ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ ၂ ဦးမှာ ခြေထောက်နှင့် ဝမ်းဗိုက်တို့တွင် မိုင်းအစများ ထိမှန်ထားပြီး လက်ရှိမှာတွင် လုံခြုံသည့် နေရာမှာ ဆေးကုသခံယူနေရသည်ဟု နီးစပ်သူများက ပြောသည်။
“အဲ့ဒီမိုင်းထိတဲ့ နှစ်ဦးက နမ့်တွေ ရွာခံတွေ ဖြစ်ပေမယ့် သူတို့က စစ်ပြေးတော့ ရွာမှာမနေပဲ ကျောက်မဲဘက် ပြောင်းသွားတယ်။ ရွာခံကလူတွေ ပြောတာတော့ သူတို့နှစ်ယောက်က တစ်နှစ်တစ်ခါလောက်မှ လက်ဖက်တွေ လာဝယ်တာတဲ့။ သူတို့နှစ်ယောက်က တိုက်ပွဲဖြစ်တာကို မသိတာလား။ သိလို့ဖြတ် လမ်းကနေ လာနေတာလား မသိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် ဇူလိုင်လ ၁၀ ရက်နေ့က ရှမ်းမြောက်ဒေသ၊ ကွတ်ခိုင်မြို့နယ်ထဲတွင် စစ်တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် အရပ်သားပြည်သူများ ထိမှန်ဒဏ်ရာ ရရှိခဲ့သည်။
ကွတ်ခိုင်ဒေသခံ အမျိုးသမီးတစ်ဦးက “ဆိုင်ကယ်နဲ့ အမျိုးသမီးနှစ်ယောက် လာတာ ဒီကျမတို့ ကွတ်ခိုင်ကိုပေါ့၊ မိုင်းယုလေးဘက်ကနေ ဆိုင်ကယ်နဲ့ လာကြတာပါ။ အဲ့ဒါ စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးက သူတို့နားကျ ပြီး တစ်ယောက်က ပေါင်မှာ ဒဏ်ရာရှိတယ်။ နောက်ပြီး ၉ ရက်နေ့မှာလည်း နမ့်ဖက်ကာနားမှာ တိုက်ပွဲဖြစ်ပြီး အမျိုးသမီး နှစ် ယောက် လက်နက်ကြီးကျည်စ မှန်သေးတယ်။ သူတို့ကတော့ အိမ်မှာပဲ ရှိနေကြတာပါ။ နမ့်ဖက်ကာက နှစ် ယောက်ကိုတော့ မူဆယ်ဆေးရုံကြီးကို ပို့လိုက်တယ်။ ဒီမိုင်းယုလေးကတစ်ယောက်ကတော့ ကွတ်ခိုင်ဆေးရုံ မှာပဲ။ စစ်တပ်က ပစ်ချင်တဲ့အချိန် ပစ်တာဆိုတော့ လုံခြုံရေးကတော့ ဘယ်နေရာမှာမှ မရှိပါဘူး” ဟု ပြောသည်။
ကွတ်ခိုင်မြို့နယ်ထဲ ပစ်ခတ်မှုမှာ တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်း မရှိဘဲ စစ်တပ်က ရမ်းသမ်း ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။
သို့သော် နမ့်ဖက်ကာတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုမှာ စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ အကြား ဇူလိုင်လ ၉ ရက်နေ့ ညပိုင်းတွင် တိုက်ပွဲဖြစ်ပွားရမှာ စစ်ကောင်စီတပ်ဖွဲ့များက ကျေးရွာများဘက်သို့ပါ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာမှာ ကျရောက်ပေါက်ကွဲပြီးနောက် ထိခိုက်ဒဏ်ရာ ရရှိသွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။