ထိုင်းနယ်စပ် ကရင်နီ စစ်ရှောင်စခန်းကို စစ်ကောင်စီ ဗုံးကြဲ၊ စစ်ရှောင်များထိခိုက်သေဆုံးမှုရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်။

ထိုင်း-ကရင်နီ နယ်စပ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်က လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက် သည့် အတွက် စစ်ဘေးရှောင် ၁ဦး သေဆုံးပြီး ၂ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် အဆောက်အအုံများလည်း ထိမှန်ပျက်စီးခဲ့သည်ဟု KNPP က ပြောသည်။

ဇူလိုင်လ ၁၂ ရက်နေ့၊ နံနက် ၁ နာရီကျော် အချိန်ခန့်က ထိုင်း-ကရင်နီ နယ်စပ်ရှိ စစ်ဘေးရှောင်စခန်းထဲကို စစ် ကောင်စီတပ်က လေယာဉ်နှင့် ဗုံးကြဲခဲ့သည့်အတွက် လူထိခိုက် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က ပြောသည်။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က “မနက် ၁ နာရီ ၁ နာရီ ကျော်လောက်မှာ ဗုံးကြဲတယ်။ ၄ ကြိမ် ဗုံးကြဲတယ်။ အဲဒါ ကျနော်တို့ စာသင်ကျောင်းရယ်၊ ဆေးခန်း ၁ လုံး ရယ်။ ဘုရားကျောင်း ၁ လုံးရယ်။ နောက် လူနေအိမ် တချို့ရယ် ပျက်စီးသွားတာပေါ့။ ဒါ့အပြင်ကို ကျနော်တို့ ဒီ လူတစ်ဦးပေါ့နော် စစ်ရှောင်တစ်ဦး ဆုံးသွားတယ်။ နောက်ပြီးမှ အရပ်သား ၂ ဦး ဒဏ်ရာ ရသွားတယ်” ဟု ပြော သည်။

စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည့် စစ်ဘေးရှောင်စခန်းတွင် လူဦးရေ ငါးထောင်ကျော်ရှိပြီး လက်ရှိတွင်
စစ်ဘေးရှောင်များမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်ဟု ဆိုသည်။

ထို့အပြင် ဖားဆောင်းမြို့နယ်ထဲက နေရာတစ်ခုကိုလည်း စစ်ကောင်စီတပ်က ယမန်နေ့ ညက လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အတွက် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရသလို အဆောက်အအုံ များလည်း ထိမှန်ပျက်စီးခဲ့သည်ဟု ဦးဆောင်ဆန်းမြင့်က ဆက်ပြောသည်။

၎င်းက “မနေ့ညက ၁၂ နာရီလောက်မှာပေါ့ အဲဒါ သောဆူးမှာ လေယာဉ် ၃ စီးနဲ့ လာကြဲတာ။ လာကြဲတော့ အဲ့မှာလည်း ဘုရားကျောင်းတစ်လုံးနဲ့ နေအိမ် ၉ လုံးလောက်ထိခိုက်ပျက်စီးသွားတယ်။ နောက်ပြီး ၁၁ နှစ် အရွယ် ယောက်ကျားလေးတစ်ဦးပေါ့နော် သေသွားတယ်ပေါ့” ဟု ပြောသည်။

ယခု ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က ထိုင်း-ကရင်နီ နယ်စပ်တစ်ကြောတွင် လေယာဉ်ပျံဝဲမှုများကို နေ့တိုင်း လုပ်ဆောင်နေသည့် အပြင် လူထုများနေထိုင်သည့် နေရာများကိုလည်း ဦးတည်ကာ ဗုံးကြဲတိုက်ခိုက်မှုများကို လုပ်ဆောင်လာခဲ့သည်ဟု KNPP က ဆိုသည်။

ထို့ကြောင့် နိုင်ငံတကာအနေဖြင့် လူထုကို ဦးတည်တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်ကို အပြစ်ပေး အရေးယူ နိုင်အောင် သက်ဆိုင်ရာ အင်အားစုများနှင့် ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်သည်ဟု ဦးအောင်ဆန်းမြင့်က ဆက် ပြောသည်။

“မနေ့က ဖြစ်ရပ်တွေပဲ ကြည့်လို့ရှိရင် ဘုရားကျောင်းတွေ စာသင်ကျောင်းတွေကိုပဲ တည့်တည့်ချတာတွေ ပေါ့ နော်။ ဖြစ်ရပ်တွေထဲမှာ အဲ့ဒါတွေက တအားသိသာတယ်ပေါ့။ အရပ်သားကို ပစ်မှတ်လုပ်ပြီးမှ ပစ်ခတ် တိုက် ခိုက်တာ ဆိုတာလေ။ အခုနပြောသလို ကျနော်တို့ ဒီအရပ်သားတွေကို ပစ်မှတ်လုပ်ပြီးမှ တိုက်တာကတော့ ကျနော်တို့ လူသားမျိုးနွယ်မှုဆိုင်ရာ ရာဇဝတ်မှုကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေတာကို နိုင်ငံတကာက သိရဲ့ သားနဲ့ ကျနော်တို့ ဒီမြန်မာအစိုးရကို ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်မရအောင် ကျနော်တို့ အရေးယူ ဆောင်ရွက် ဖို့ ကျနော်တို့ ဝိုင်းဝန်းပြီးမှ လုပ်ဆောင်သင့်တယ်” ဟု အောင်ဆန်းမြင့်က ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခများ ဖြစ်နေသည့် နေရာတိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာခဲ့သည်။

ထိုသို့လုပ်ဆောင်ရာတွင် စစ်ရေးပစ်မှတ်၊ အရပ်သားပစ်မှတ် မခွဲခြားပဲ လုပ်ဆောင်နေသည့်အတွက် စစ်ရေးပဋိ ပက္ခကြားရှိ ပြည်သူများမှာ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိမှန်သေဆုံးခဲ့ရသလို အချို့ မှာ နေရာဒေသကို စွန့်ကာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ထိုအနေအထားများကြောင့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် စစ်ဘေးရှောင်အရေး လှုပ်ရှားသူများက ပြည်သူ များကို ထိမှန်သေဆုံးနေသည့် လေကြောင်းရန်ကို ကာကွယ်နိုင်ရန်အတွက် လေယာဉ်အန္တရာယ်ကနေ ကာကွယ် ပေးနိုင်မည့် စနစ်မျိုးကို နိုင်ငံတကာအနေဖြင့် ကူညီလုပ်ဆောင်ပေးရန် တောင်းဆိုထားသည်။

ထိုသို့ တောင်းဆိုထားကြသော်လည်း ယနေ့အချိန်အထိ တစ်စုံတစ်ရာ ပြောင်းလဲလာမှု မရှိသေးဘဲ စစ်ရေး ပဋိပက္ခ အတွင်းရှိ ပြည်သူများမှာ လေကြောင်းတိုက်ခိုက်မှု အတွင်း သေဆုံးနေရဆဲ ဖြစ်သည်ဟု တက်ကြွ လှုပ်ရှားသူများ၊ လူအခွင့်အရေး လှုပ်ရှားနေသူများနှင့် စစ်ရှောင်များကို ကူညီပေးနေသူများ က ဆိုသည်။