တိုက်ပွဲ မရှိပဲ လက်နက်ကြီးကျ၊ အရပ်သား နှစ်ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီး ကျရောက်ပေါက် ကွဲခဲ့သည့်အတွက် ဒေသခံ ၂ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာဒေသ၊ ဇီးတဘန်ကျေးရွာထဲကို တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ လက်နက်ကြီး ကျရောက် ပေါက်ကွဲရာမှ ဒေသခံများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
သွားရောက်ကူညီပေးသည့် နမ့်ဖက်ကာ မေတ္တာရှင် လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက “အဲမှာက ပေါက်ကွဲမှု တစ်ခုဖြစ်တယ်ပေါ့နော်။ ဖြစ်ပွားတဲ့အချိန်မှာ လူတစ်ဦးကတော့ အဲ့မှာပဲ ပွဲချင်းပြီးဆုံးသွားတယ်။ နှစ်ဦးက ဒဏ်ရာရရှိထားတော့ ဆေးရုံပို့ပေးတယ်။ ဒီနမ့်ဖတ်ကာ ဆေးရုံပို့ပြီးတော့ ကွတ်ခိုင်ဆေးရုံမှာ ဆက် လက်ပို့ဆောင်ပေးပါတယ်။ ပို့ဆောင်ချိန်မှာ ဆေးရုံရောက်ခါနီးမှာ အမျိုးသားတစ်ဦးက ဆုံးသွားတယ်” ဟု ပြော သည်။
ပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမျိုး မရှိဟု အဆိုပါ နမ့်ဖက်ကာ မေတ္တာရှင် လူမှုကူညီရေးအသင်း တာဝန်ရှိသူက ဆက်ပြောသည်။
“အဲ့မှာက တိုက်ပွဲဖြစ်ပွားတာလည်း မရှိပါဘူး။ ဒီပေါက်ကွဲတဲ့ဟာက လက်နက်ကြီးလား ဘာလဲတော့ ကျနော် တို့ မမြင်ရတော့ ပြောပြလို့မရပါဘူး။ ဒီနေ့ကတော့ နမ့်ဖတ်ကာမှာ ဘာမှပစ်ခတ်သံတွေ မကြားရတော့ပါဘူး။ ငြိမ်နေပါပြီ။”
အဆိုပါ ပေါက်ကွဲမှုကြောင့် အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၅၆ နှစ်အရွယ် အမျိုးသား တစ်ဦးတို့ သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။
ဒဏ်ရာ ရထားသည့် အမျိုးသမီးမှာ ခြေထောက်တွင် ထိမှန်ထားပြီး ဆေးရုံရောက်ခါနီးတွင် သေဆုံးသွားသည့် အမျိုးသားမှာ ရင်ညွန့်တွင် ဒဏ်ရာ ပြင်းထန်စွာရရှိထားသည်။
အဆိုပါ ပေါက်ကွဲမှုမှာ စက်တင်ဘာလ ပထမပတ် အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်နေ့၊ နံနက်ပိုင်း ၁၀ နာရီကျော်ကလည်း နမ့်ဖတ်ကာတွင် စစ်ကောင်စီဘက်ကနေ ရမ်းသမ်းပစ်ခတ်လိုက်သည့် လိုက်နက်ကြီးကြောင့် ဒေသခံ အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးကာ ၃ ဦး ထိခိုက် ဒဏ်ရာရရှိသွားခဲ့သည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ဟိုပုံးစုစည်းကျေးရွာတွင် နေထိုင်သည့် အမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို ရပ်ကွက် ၁ က အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးလည်း ထိ ခိုက်ဒဏ်ရာရရှိခဲ့သည်။
အလားတူ သြဂုတ်လ ၂၉ ရက်နေ့တွင်လည်း တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA အင်းအား ၃၀ နီးပါးက နမ့်ဖတ်ကာထဲကို ဝင်လာသည့်အတွက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်လိုက်ရာ ရပ် ကွက် ၄ မှ နေအိမ်တစ်အိမ်နှင့် ရပ်ကွက်မှ ၃ မှ နေအိမ်တစ်အိမ် ထိခိုက်ပျက်စီးခဲ့သည်။
ထို့အပြင် သြဂုတ်လ ၂၉ ရက်နေ့ တစ်ရက်တည်းတွင် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာမှာ စစ်ကောင်စီနှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ဒေသခံ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိကာ နေအိမ် ၃ အိမ်လည်း ထိမှန်ပျက်စီးခဲ့သည်။