မူဆယ် စစ်ရှောင် တစ်ထောင်ကျော် အစားအစာနှင့် အဝတ်အထည်များ လိုအပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၁ ထောင်ကျော် အတွက် အစားအသောက်နှင့် အဝတ်အစား အကူအညီများ လိုအပ်နေသည်ဟု စစ်ဘေးရှောင် ကူညီသူများက ပြောသည်။
စစ်ဘေးရှောင်များကို အကူအညီ ပေးနေသူတစ်ဦးက “အခုက စားသောက်ဖို့ရှိပေမယ့် လုံလောက်မှုက မရှိသေး ပါဘူး။ အစားအသောက်တွေ လိုအပ်သေးတယ်။ ပြီးတော့ အများစုက အမျိုးသမီးအဝတ်တွေပဲ လာလှူတာများ တယ်။ အမျိုးသားအဝတ်က မရှိဘူး။ သူတို့က ရေချိုးလှဲဖို့ ပုဆိုးတောင်မရှိကြဘူး။ ပြေးလာချိန်မှာ ဘာမှမပါ ဘဲ ပြေးကြတာလေ ဘာမှမယူလိုက်ရဘူး” ဟု ပြောသည်။
စစ်ဘေးရှောင်များမှာ မူဆယ်မြို့ရှိ ဟိုနားရပ်ကွက်တွင် ၂၃၀ ဦး၊ စွမ်စော်ရပ်ကွက်တွင် ၁၆၀) ဦး၊ မှန်ကန်ကျေး ရွာတွင် ၂၉၀ နှင့် နမ့်စန့်(တုန်ခွမ်) ကျေးရွာဇရပ်တွင် ၄၃၀ ဦး စုစုပေါင်း ၁၁၁၀ ဦးရှိနေပြီး ၎င်းတို့အတွက် အကူအညီများ လိုအပ်သည်ဟု ဆိုသည်။
ထွက်ပြေးလာသူများမှာ စယ်လန့်ကျေးရွာအုပ်စု၊ မှန်ကန်ကျေးရွာအုပ်စု၊ နမ့်ကတ်ကျေးရွာနှင့် မိုင်းစပ်ကျေးရွာ များက ဒေသခံများဖြစ်သည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူများက ပြောသည်။
ထွက်ပြေး တိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်အချို့မှာ နမ့်ခမ်းမြို့ရှိ ဆွေမျိုးများ၏ အိမ်များတွင် သွား ရောက် ခိုလှုံနေသူများ ရှိသကဲ့သို့ အချို့မှာ မူဆယ်မြို့ရှိ ဆွေးမျိုးများ၏ အိမ်များတွင် သွားရောက်ခိုလှုံနေသူ များလည်း ရှိသည်ဟု ဆိုသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း ကျေးရွာများထဲကို လက်နက်ကြီး ပစ်ခတ်မှုများ ရှိနေသည့်အတွက် နေရပ်မပြန်ရဲကြသေးပဲ မူဆယ်မြို့တွင်သာ ဆက်လက် နေထိုင်နေရခြင်း ဖြစ်သည်ဟု ပြောသည်။
မူဆယ်မြို့ခံ ကူညီပေးနေသူတစ်ဦးက “အခုက သူတို့ကျေးရွာဘက်မှာ လက်နက်ကြီးသံတွေတော့ ကြားနေရ သေးတယ်။ တိုက်ပွဲက မငြိမ်သေးတော့ နေ့ရပ်ပြန်လို့ မရသေးဘူး။ အခုက ဒီဘက်မူဆယ်မှာ မရှောင်လာတဲ့သူ တွေ ရွာမှာနေတဲ့သူတွေလည်း အကူညီ တောင်းလာတယ်။ တောထဲမှာ အလုပ်မသွားရတော့ စားသောက်ဖို့က ခက်ခဲ့လာကြတာ ဒီနေ့သူတို့စီ သွားကူ မလို့” ဟု ပြောသည်။
စစ်ဘေးရှောင်များသည် ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့က မူဆယ်မြို့နယ်ရှိ ကျေးရွာများတွင် ဖြစ်ပွားခဲ့သည့် စစ် ကောင်စီတပ်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့အကြားက တိုက်ပွဲများကြောင့် မူဆယ်မြို့သို့ ထွက်ပြေးတိမ်းရှောင် လာကြသူများ ဖြစ်သည်။
မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်များတွင် ပြီးခဲ့သည့် သြဂုတ်လမှ စက်တင်ဘာလ ၁ ရက်နေ့အထိ စစ်ကောင်စီ တပ်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်တို့အကြား တိုက်ပွဲပေါင်း ၂၄ ကြိမ်ဖြစ်ပွား ခဲ့သည်ဟု TNLA ၏ ထုတ်ပြန်ချက်များအရ သိရသည်။