တရုတ်ပြည်တွင်း ဝင်လိုသူ များပြား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။
မြန်မာ – တရုတ်နယ်စပ်မြို့ မူဆယ်ရှိ နယ်စပ်ဂိတ်များတွင် နယ်စပ်သွားလာဝင်ထွက်ခွင့် TBP ကတ်များကို လုပ်ဆောင်ပေးလျှက်ရှိရာ နေ့စဉ် လူဦးရေ ၁၀၀၀ ကျော်ခန့် တန်းစီ လုပ်ကိုင်နေကြသည်ဟု မြို့ခံများက ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း မြန်မာ – တရုတ်နယ်စပ် မူဆယ်မြို့နယ်တွင် နယ်စပ်ဝင်ထွက်ခွင့် တခါသုံး TBP ကတ် များကို တာဝန်ရှိသူများက စတင်လုပ်ပေးနေပြီဟု မူဆယ်ဒေသခံများက ပြော သည်။
နယ်စပ်ဝင်ထွက်ခွင့် တခါသုံး (TBP) ကတ် ကို မူဆယ်မြို့နယ်ရှိ နယ်စပ်ဂိတ်များတွင် စက်တင်ဘာလ ၄ ရက်နေ့ (တနင်္လာနေ့) နေ့လည် ၁၂ နာရီကစပြီး လုပ်ပေးနေသည်ဟု မူဆယ်ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။
“တခါသုံးကတ်တွေပေါ့။ သူတို့ လုပ်ပေးနေတာ တစ်ခါသုံးပဲ။ စာအုပ်အနီမလုပ်ပေးဘူး။ သူက နေထိုင်ခွင့်လုပ် လို့လည်း မရဘူး။”
ယခုလုပ်ပေးလိုက်သည့် တခါသုံး TBP ကတ်သည် လည်ပတ်၍ရသည့် ကတ်အမျိုးအစားသာဖြစ်ပြီး ထိုကတ် ဖြင့် အလုပ်လုပ်ရန် တရုတ်အစိုးရက မြန်မာနိုင်ငံသားများကို ခွင့်မပြုထားကြောင်း အဆိုပါ မူဆယ်ဒေသခံ အမျိုးသားက ယခုကဲ့သို့ ဆက်ပြောသည်။
“သူတို့ ခဏတဖြုတ် ပစ္စည်းတွေ ဘာတွေဝယ်လို့တော့ ရတာပေါ့။ ဒါပေမယ့် လူတွေက အများကြီးသွားတာ။ သွားလည်တဲ့သူရော ပစ္စည်းဝယ်တဲ့သူရော၊ အလုပ်လုပ်တဲ့သူက ဘာမှပါမှာ မဟုတ်ဘူး။ ဆိုးကျိုးတွေက တချို့ က အခွင့်ကောင်းယူပြီးမှ အလုပ်သွားလုပ်တာဆိုရင် ဟိုဖက်က တစ်ဖက်နိုင်ငံရဲ့ ဥပဒေ မလိုက်နာပဲနဲ့ အလုပ် လုပ်မယ်ဆိုရင်တော့ တမျိုးပေါ့။ သူတို့ အများကြီး ဖမ်းဆီးခံရနိုင်တယ်ပေါ့။”
TBP ကတ်ဖြင့် နယ်စပ်ဂိတ်များဖြစ်သည့် မန့်ဝိန်းဂိတ်၊ နန်းတော်ဂိတ်(အလည်ပေါက်)နှင့် ဆင်ဖြူဂိတ် ပေါက်များ မှ တစ်ဆင့် ဝင်ထွက်သွားလာ၍ ရသည်ဟု ပြောသည်။
အဆိုပါ ဂိတ်များတွင် မြန်မာဘက်ခြမ်းရှိ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနမှ ဝန်ထမ်းများက တစ်ဦးကို ကျပ် ၂၀၀၀ ဖြင့် လုပ်ပေးနေသော်လည်း တန်းစီသူများလွန်းသောကြောင့် အမြန်ရချင်သူများအနေဖြင့် ကျပ် ၁၀၀၀၀ မှ ကျပ် ၂၀၀၀၀ အထိ ပေးကာ လုပ်နေကြသည်ဟု ဆိုသည်။
တရုတ်-မြန်မာနယ်စပ် ဝင်ထွက်လည်ပတ်ခွင့် တခါသုံး (တပတ်) ကတ်ကို မှတ်ပုံတင်ရှိသောသူ မည်သူ့ကိုမဆို လုပ်ပေးနေသော်လည်း တရုတ်နိုင်ငံတွင် နေထိုင် အလုပ်လုပ်ကိုင်ခွင့်ရှိသည့် စာအုပ်အနီကိုတော့ မူဆယ်နှင့် နမ့်ခမ်း အိမ်ထောင်စု၊ မှတ်ပုံတင်တို့ကို ကိုင်ဆောင်ထားသည့် ဒေသခံများကိုသာ လုပ်ပေးသည်ဟု ဆိုသည်။
တရုတ် – မြန်မာနယ်စပ်ဂိတ် ဝင်ထွက်ခွင့် စာအုပ်အနီကို ပြီးခဲတဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလထဲတွင် စတင်ပြုလုပ် ပေးခဲ့ပြီး မူဆယ်နှင့် နမ့်ခမ်း အိမ်ထောင်စုရှိသူများကိုသာ လုပ်ခွင့်ရမည်ဟု တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။
နှစ်နိုင်ငံဝင်ထွက်နိုင်ရန်အတွက် တခါသုံး (TBP) ကတ်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက ၉ လကြာ ဆွေးနွေး ခဲ့ပြီး နောက် ယခုနှစ် စက်တင်ဘာလတွင် နှစ်ဖက်သဘောတူညီချက်ဖြင့် စတင်လုပ်ပေးနေခြင်း ဖြစ်သည်။